အခန်း (၃၅) - ဇာတ်သိမ်းပိုင်း
“ ချစ်တယ်။ ကိုယ် တကယ် အလေးအနက် ထားပြီး အရမ်းချစ်ရတာ ”
ဝန်ခံခြင်းအဆုံး မိနစ်ရယ် မခြားလိုက်။ ဆွဲသိမ်းခံလိုက်ရတဲ့ ပခုံးသားတွေ။ လည်တိုင်ကို ဖက်တွယ်လာတဲ့ လက်တစ်စုံမှာ ချစ်ခြင်းမေတ္တာ လျှံကျတယ်။ ဒီမေတ္တာစီးကြောင်းမှာ ကိုယ်တစ်ယောက်တည်း စိတ်လှုပ်ရှားနေခဲ့ရတာ မဟုတ်ဘူးဘဲ။ ရင်ခုန်သံတွေ တိမ်တွေပေါ်မှာ ဗျာများနေဆဲ။ အိပ်မက် မဟုတ်တာ သေချာနေလည်း လက်ရှိချိန်မှာ စိတ်ကူး ဆန်တယ်။
“ မသိခဲ့ဘူး။ တကယ် မသိခဲ့ဘူး။ ကိုကိုက ကျူးကို ချစ်မယ်လို့ ... ”
အဖျားလှုပ်ခတ် တုန်ယင်ချင်နေတဲ့ အသံ တိုးတိမ်တိမ်လေး။ လွတ်ထွက်သွားမှာ စိုးတဲ့ အလား ဖက်တွယ်ထားတာလည်း ကြည်နူးခြင်း မြည်တာပဲ။ မာန်ဖီဖီ ဆိုဒ်အပြည့်နဲ့ ဒီယောက်ျားပျိုကို ရင်မှာ မြတ်မြတ်နိုးနိုး နေရာ ပေးအပ်မိပါတယ်။
“ ဥာဏ်ကောင်းတယ် ထင်ထားတာ ”
လည်တိုင်မှာ တွယ်ထားတဲ့ လက်တွေကို လွှတ်ပေးလာချိန် အကြည့်ချင်း ဆုံရင်း ပြောမိတော့ နှာကစ်ချင်သွားတဲ့ ယောက်ျားပျို။
မပျောက်သေးတဲ့ အကျင့်လေးနဲ့ စူးစူးရဲရဲ အကြည့် တစ်ချက်ကလည်း ကိုယ့်ဆီ တိုက်ရိုက် ခွင်းတယ်။ နှုတ်ခမ်းထောင့်မှာ အပြည့် မဖုံးနိုင်လိုက်တဲ့ အပြုံးစနဲ့ ဝေ့သီချင်နေတဲ့ မျက်ဝန်းအိမ်တွေက လှရက်တာထက် ပိုတယ်။“ ဘယ်ယောက်ျားကများ ကိုယ် မချစ်တဲ့သူကို လိုတာထက် ပိုတဲ့ ဂရုစိုက်ခြင်းတွေ ပေးတတ်လို့လဲ။ ဘယ်ယောက်ျားကများ ကိုယ် မချစ်၊ မနှစ်သက်တဲ့သူကို ငါ ရှာတာ မင်း သုံးချင်သလို သုံးလို့ ရတယ်ဆိုတဲ့ ခွင့်ပြု သဘော ဆောင်တတ်ကြလို့လဲ။ ဘယ်ယောက်ျားကများ ကိုယ် မမြတ်နိုးတဲ့ သူအတွက် မာနတွေပါ အထိပါးခံပြီး နားလည်ပေးတတ်ကြလို့လဲ။ ဒါတွေ အားလုံးက ချစ်တဲ့စိတ် တစ်ခုတည်းကြောင့်လေ ”
လိမ်ညာခြင်းမဲ့စွာ ဝန်ခံမိတော့ အာရုံစိုက် နားထောင်နေတဲ့ ကောင်လေး။ ဖြည်းဖြည်းချင်း စဉ်းစားနေတဲ့ အကြောင်းအရာတွေထဲ အတိတ်က ရက်စွဲတွေလည်း ပါမယ်ထင်။ အချစ်နဲ့ မယုံကြည်နိုင်မှု၊ သံယောဇဉ်နဲ့ သံသယ၊ မေတ္တာနဲ့ အတ္တဆန္ဒ .. ဒါတွေအားလုံး ရှင်းလင်း ကွဲပြားပြီးနောက် သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာ အလင်းဝင်တယ်။