အခန်း (၃၄)
ခွဲစိတ်မှုက အောင်အောင်မြင်မြင်နဲ့ ပြီးသွားပေမဲ့ အိမ်ကိုတော့ မပြန်နိုင်ခဲ့ဘူး။ သမီးဖြစ်သူ သတိရတဲ့အထိ ရှိနေပေးစေချင်တဲ့ အမေအိုရဲ့ ဆန္ဒကို လျစ်လျူရှုဖို့က ကိုယ့်အတွက် ခက်ခဲလှတယ်။ သမီးဖြစ်သူအတွက် စိုးရိမ် ပူပန်နေရှာတဲ့ မျက်ဝန်းတွေကို ဂရုမဲ့ မပြုနိုင်တော့ ဆေးရုံမှာပဲ ညလုံးပေါက်တယ်။
သတိရလာတဲ့ လူနာကို ကြည့်ပြီး အိမ်ပြန်ဖို့ မဆိုင်းမလင့် ပြင်မိတယ်။ ကျူးဆီ အရောက် သွားချင်တဲ့ စိတ်ကြောင့် ကိုယ့်မှာ အလျင် လိုနေတယ်။ ညကတည်းက အသံပိတ်ထားမိတဲ့ ဖုန်းကို အံဆွဲထဲက ထုတ်ပြီး ဖွင့်အကြည့်မှာ ရင်တစ်ခုလုံး နင့်ရတော့တာပဲ။ ကိုယ့်ဆီ စာပို့ထားတဲ့ ကျူး။
[ ကိုကို ကျူးကို မခေါ် မပြောဘဲ နေတယ်။ ကိုကို ဆိုးတယ် ]
ဓားကိုင်တဲ့ လက်မို့ ရဲခဲ့လည်း စာတစ်စောင်ရဲ့ ကိုင်လှုပ်နိုင်စွမ်းကတော့ ထုံထိုင်းစေတဲ့အထိ သက်ရောက်အား ပြင်းပါတယ်။
အိမ်ကို အသောနှင်ခဲ့ပေမဲ့ ပိတ်ထားတဲ့ တံခါးက တိတ်ဆိတ်ခြင်းနဲ့သာ ကြိုတယ်။ ခေါ်ဆိုမိသမျှ ဖုန်းကောလ်တွေလည်း လျစ်လျူရှုခံရတာပဲ။
ထိုင်ခုံမှာ အရုပ်ကြိုးပျက် ထိုင်ချပစ်မိတဲ့အထိ ကျူးက ကိုယ့်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။
မပြတ်ဘဲ ဟန်ဆောင်ဖြတ်ဖို့ ကြိုးစားရတာလည်း ပင်ပန်းတာပါပဲ။*******
“ ကျူး ဖေဖေကို ဘန်ကောက်မှာ ကုဖို့ အကုန် စီစဉ်ပြီးသွားပြီ။ လောလောဆယ်တော့ ပိုင်စေကို ခေါ်သွားဖို့ အဆင်မပြေလို့ ကျူးကပဲ ခဏ ကြည့်ထားပေးပါ ”
လောကကြီးရဲ့ ပျက်ရယ်ပြုမှုတွေက ကျူးဆီကို အလည်လာရတာ ပျော်မွေ့နေပုံပဲ။ အရာအားလုံး လွှတ်ချလိုက်ဖို့ ပြင်နေသူကိုမှ လာငြိနေတဲ့ ကြိုးစတွေက ဆန့်ဆန့်ငင်ငင်။
မျက်လွှာကို ချ၊ အောက်နှုတ်ခမ်းသားကို ဖိကိုက်ထားတဲ့ဟန်မှာ အစ်ကိုဖြစ်သူအတွက် စိုးရိမ် ပူပန်နေရခြင်းတွေက မမြင်ချင်မှအဆုံး။
မွန်းကြပ်စရာ ကောင်းလိုက်တာ။ ခံစားတတ်တဲ့ အစိတ်အပိုင်းက သူတို့မှာပဲ ရှိနေသလိုမျိုး။