Ep - 15 [U]

5.4K 544 33
                                    

အခန်း (၁၅)

အိမ်ပြန်ရောက်တော့ ညနေအတော် စောင်းနေပြီ။ မှောင်မည်းနေတဲ့ ကောင်းကင်က မကြာခင် မိုးရွာနိုင်ကြောင်းကို ပြတယ်။ မီးချောင်းခလုတ်ကို ဖွင့်တော့ အိမ်ထဲ လင်းသွားတယ်။

ဖိနပ်ချွတ်ရင်း အိမ်အနေအထားကို ရှိုးပြီး လှစ်ခနဲ ပြုံးလိုက်တဲ့ ကောင်လေးကြောင့် ရင်ထဲမှာ ငလျင်လှိုင်း ဖြတ်သွားတယ်။

အထပ်သားတစ်ချပ် ကန့်လို့ ဖွဲ့ထားတဲ့ အခန်းကြောင့် ကျူးအတွက် အိပ်ဖို့တော့ အဆင်ပြေမယ် ထင်တာပဲ။ ဖွချင်တိုင်း ဖွလို့ ရသွားတာပေါ့။ အ၀တ်စားတွေ ပုံထားတတ်တဲ့ ကျူးရဲ့ အကျင့်လေးနဲ့ဆို အခန်းကတော့ ရှုပ်တော့မှာ သေချာတယ်။

“ ကျူး အင်္ကျီ အရင်လဲမလား ”

ကျောပိုးအိတ်နဲ့ လက်ဆွဲအိတ်ကို ထောင့်တစ်ခုမှာ ကပ်ပြီး ပြတင်းပေါက်နား ထိုင်နေဆဲ ကျူးကို မေးတော့ လှည့်ကြည့်လာတယ်။

“ ပူတယ်နော် ”

“ အင်း။ ခဏနေ မိုးရွာရင် အေးသွားမှာပါ ”

“ မိုးက မာနကြီးနေတယ်။ မရွာဘူး။ ညှို့ပဲ ညှို့နေတာ။ တကယ်ဆို မွန်းကြပ်နေတဲ့ တိမ်တွေကို အလိုလိုက်သင့်ပြီ ”

မတ်တပ်ထရပ်ရင်း မပြိုသေးတဲ့ တိမ်ကို အလိုမကျ ငြူစူလာတယ်။ ခပ်ဆန်းဆန်း စကားလေးတွေလည်း ပြောတတ်တဲ့ ကျူးရယ်ပါ။

အင်္ကျီလဲနေတဲ့ ကျူးကို အခန်းထဲ ထားပြီး ထမင်းချက်ဖို့ ပြင်ရတယ်။ လက်ကျန်ရှိပေမဲ့ ထမင်းပူမှ စားတတ်တဲ့ ကျူးအတွက် ဆန်တစ်လုံးကို ရေချိန်ထည့်ပြီး ပေါင်းအိုး
မီးခလုတ် နှိပ်လိုက်တယ်။ ဟင်းကတော့ မနက်က ကြော်ထားတဲ့ ကြက်မွကြော်။ ကြက်သားဆို အမျှင်လေးတွေ နွှင်ပြီး ကြော်တာမျိုးကို ကျူးက ပိုကြိုက်တယ်။ ငါးမစားတဲ့ ကျူးအတွက် အရည်သောက် ဟင်းချိုကို ပြန်နွှေးဖြစ်တယ်။ ဗိုက်အောင့်မှာ စိုးတော့ ချဉ်စပ်အရသာလည်း လျှော့ထားရတာပေါ့။

“ ကိုကို ”

ဟင်းရည်နွှေးနေတုန်း အနားရောက်လာတဲ့ ကျူး။ မီးခလုတ်ကို ပိတ်ပြီး ငဲ့ကြည့်ဖြစ်တော့ အနက်ခံပေါ် ဒေစီပန်းပွင့်တွေ ပါတဲ့ ရှပ်အင်္ကျီ လက်တိုကို လိုက်ဖက်စွာပဲ ဝတ်ထားတယ်။

Private AreaOnde histórias criam vida. Descubra agora