အခန်း (၃)
'' နာနေသေးလား ''
ဘယ်ဖက် ခြေချင်းဝတ်ဆီ အကြည့်ရောက်ရင်း မေးတော့ ဒဏ်ကြေးလိမ်းဆေး ပုလင်းလိုက် မှောက်ချထားပုံရတဲ့ ကျူးက ခေါင်းခါပြတယ်။ လက်ကတော့ ဖုန်းစခရင်မှာ အလုပ်ရှုပ်နေဆဲ။
[ ကျူး နိုးပြီ ကိုကို ]
စာတစ်စောင်နဲ့ တွေ့ခွင့် ပါမစ်ကျကြောင်း ညနေငါးနာရီမှာ ပြောပြလာတဲ့ ကျူး။ စာရရချင်း ချက်ချင်း ကူးလာမိတဲ့ ကိုယ့်အဖြစ်ကိုလည်း နည်းနည်းတော့ ပိုတယ် ပြောရမလား။
" ဆေးတွေ လျှော့လိမ်းပါလား ကျူးရယ် "
ဘေးမှာ ထိုင်နေတဲ့ ကိုယ်ပါ မွှန်ထွက်နေတာ။ ဆေးပူတွေကို ထင်တိုင်းကြဲထားတဲ့ ကျူးဆိုရင် တွေးနေစရာမလို။ စေတနာစကားနဲ့ အကြုံပြုပေမဲ့ ကျူးကတော့ အဖက်မလုပ်ဘဲ စမတ်ဖုန်းမှာပဲ အာရုံ ပို့ထားမြဲ။
'' ကျူး ကိုယ်ပြောနေတယ်လေ။ နည်းနည်းလောက် အာရုံစိုက်စမ်း ''
လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း ကီးမြှင့်ပေးလိုက်တော့ ဆောင့်ရုန်းပြီး ထရပ်တယ်။ လူလေးက သေးသေးလေးနဲ့ အားကတော့ သန်တယ်။
'' ပြန်တော့ ကိုကို ''
အသံမာတော့ စိတ်တိုသွားတယ်။ အဲဒါပါပဲ။ ကျူးမှ ကျူးအစစ်။
လူကို နေမထိ၊ ထိုင်မသာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ နောကြေနေတာ။ စိတ်ပူလို့ အိမ်ထိ ရောက်ချလာတဲ့ ကိုယ့်ကို တစ်စက်ကလေးမှ အဖက်မတန်သလို ဆက်ဆံတာလည်း သူပဲ။ မာပြတ်သွားတဲ့ အသံကို မကျေနပ်လည်း ပြန်အော်ပေါ့။ ခုတော့ တစ်ခွန်းပြတ်နဲ့ နှင်ထုတ်လာတာ။
စိတ်တိုအောင် လုပ်ပြီး စိတ်တိုမခံချင်တဲ့ မချေမငံလေး ကျူးရဲ့ ညစ်တစ်တစ် အကျင့်ကို တစ်ခါတလေ ပိတ်ကန်ပစ်ချင်မိတာပဲ။
ကျူးနဲ့မှ ရိုင်းတတ်တဲ့ စိတ်တွေပါ။
လေပြည်ရေ သိပ်မညှဉ်းနဲ့ကွာ ...။****
'' သား ထမင်းမစားရသေးဘူးမလား ''
'' မစားတော့ဘူး မေမေ။ ဗိုက်မဆာလို့ ''
'' ကျူးနဲ့ ဖြစ်လာပြန်ပြီလား ''
အိမ်ထဲ ဝင်ဝင်ချင်း မေမေနဲ့ တည့်တည့် တိုးတာပဲ။
အပေါ်တက်ဖို့ ခြေလှမ်းပြင်တော့ မွေးထားပြီး ပျိုးထောင်ပေးခဲ့လို့ထင်။ ကိုယ့်မျက်နှာ တစ်ချက် ကြည့်ရုံနဲ့ အတပ်မှန်းနိုင်တဲ့ မေမေပါပဲ။