အခန်း (၁၈)
“ တော်တော့ မေယုယ။ ဆက်ပြောမလာနဲ့တော့။ မကွာပေးနိုင်ဘူးလို့ ပြောပြီးပြီလေ ”
လွင့်လာတဲ့ စကားသံကြောင့် အသောနှင်ခဲ့ရတဲ့ ခြေတစ်စုံ ရပ်တန့်သွားတယ်။
“ ရှင် ကျူးကိုပဲ ငဲ့နေလို့ မရဘူး ကိုပြေငြိမ်းဇော်။ အမေ မရှိတော့တဲ့ ရှင့်ကလေးအတွက် အဖေ တစ်ယောက်အနေနဲ့ ရှင့်ဘက်က တာဝန်ယူရမယ့် အချိန်ပဲ။ အတ္တတွေ မကြီးချင်စမ်းပါနဲ့ ”
ကုတင်ပေါ် ပြန့်ကျဲနေတဲ့ ဓါတ်ပုံတွေက ကျူးကို ခနဲ့တဲ့တဲ့ စိန်ခေါ်တယ်။ ဖေဖေ့သားက မင်း တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အထာနဲ့ အသံတိတ် ပြုံးပြတယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်မိတော့ ရင်ဘတ်ထဲ စူးခနဲ။ ဒါ ဘယ်လို လှည့်စားမှုမျိုးလဲ။
“ ကျူးအတွက်လည်း ထည့်စဉ်းစားပေးဦးမှပေါ့။
ဒီကိစ္စတွေ ကျူး သိသွားရင် ဘယ်လောက်ထိ ခံစားရမလဲ မင်း နားမလည်ဘူးလား ”“ ဒီအခြေအနေထိ ရောက်လာတာတောင် ရှင်က လျို့ဝှက်ထားချင်သေးတာလား။ တာဝန်မဲ့တဲ့ ဖခင်တစ်ယောက်ကို ကျွန်မသား တလေးတစား ချစ်ခင်နေတာမျိုး မမြင်ချင်ဘူး ကိုငြိမ်း။ ရှင် ကျွန်မတို့ ဘဝထဲက ထွက်သွားလိုက်ပါတော့ ”
“ ငါ တာဝန်မယူချင်လို့ ပြောနေတာ မဟုတ်ဘူး။ ငါ .. ငါက ကျူးကို စိုးရိမ်လို့ကွ ! ငါနဲ့ မင်းရဲ့ ပြဿနာတွေကြားမှာ ကျူး ရခဲ့တဲ့ စိတ်ဒဏ်ရာကို မင်း အသိဆုံးပါ ”
“ ကျူးအတွက် ရှင် စိတ်ပူစရာ မလိုဘူး။ ကျွန်မ သားအကြောင်း ကျွန်မ ကောင်းကောင်း သိတယ်။ အဓိပ္ပါယ်မရှိ ရူးမိုက်တဲ့ အလုပ်တွေ ကျူး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ အခုချိန် ရှင် ရွေးချယ်ရမှာ ကျူး မဟုတ်ဘူး။ ရှင် ပူပန်သင့်တဲ့ သူကလည်း ကျူး မဟုတ်ဘူး။ အပြင်မှာ မွေးထားတဲ့ ရှင့်ရဲ့ ကလေး။ ရှင့်ရဲ့ သားအတွက် အဖေ တာဝန် ယူပေးရမှာ။ အမေ မရှိတော့တဲ့ အဲ့ဒီ ကလေးအတွက် ရပ်တည်ပေးမယ့်သူ လိုအပ်တယ် ”
နှစ်ချီ အောင်းထားခဲ့ရသမျှ မေမေ့ နာကြည်းမှုတွေ ရုပ်လုံး ပေါ်သွားတယ်။ ဖေဖေ့အတွက် ကျူး
တစ်ယောက်တည်းနဲ့ မလုံလောက်ခဲ့ပုံပဲ။ ဒါတွေ အားလုံးကို ဘာတစ်ခုမှ မသိခဲ့တဲ့ အချိန်ကမှ ပိုကောင်းပါသေးတယ်။ ခုတော့ ...။