အခန်း (၂၃)
“ မ , ဘယ်လိုလုပ်ပြီး ”
မ, ကို မြင်တာနဲ့ အံ့သြသွားတဲ့ ကျူး။ ဒီနေရာအထိ ရောက်ချလာလိမ့်လို့ မထင်ခဲ့တာကြောင့်လည်း ဖြစ်မယ်။ မ,ကတော့ မ, ပီသစွာပဲ မျက်နှာမှာ အေးချမ်းတဲ့ အပြုံးတစ်ခုနဲ့ အစ်မတစ်ယောက်ရဲ့ နွေးထွေး မေတ္တာတွေကို မျက်ဝန်းတစ်စုံမှာ ဖွင့်ပြထားတယ်။ နာကျင်စရာ အပိုင်းအစတွေနဲ့ ကိုယ့်ကလေးလည်း ပင်ပန်းခဲ့ရပြီ။
“ ငါလည်း ပါလာတယ် ကျူးရေ။ မင်းရဲ့ ခြောက်လခံ အဆက်ဟောင်းလည်း ပါတယ် ”
“ တိတ်စမ်းပါ! အသံဆိုးနဲ့ ”
လူအကောင်လိုက် ရှေ့ထွက်ပြရင်း လက်တစ်ဖက်ပါ ထောင်လာတဲ့ ခါးကို ကျူးရဲ့ ကြိုဆိုပုံကလည်း မူရင်းမပျက်ခဲ့။ ဆိုင်သူကိုယ်စီနဲ့ အခြေအနေမှာတောင် အရင်က လက်ကျန်ဒိတ်ကို ပြန်တူးဖော်ပြီးမှ ခါးရဲ့ ချိုအီအီ အကြည့်တစ်စုံက မ, ဆီ မယောင်မလည် ဝေ့တယ်။
“ မင်းမျက်နှာကို အချိုလျှော့စမ်း။ အမြင်ကပ်စရာ ရုပ်နဲ့ အိမ်ထဲ ၀င်မလာနဲ့။ လက်မခံဘူး ”
“ ငါလည်း မင်းကို ကြည့်မရပါဘူး။ လေသံ မာမနေနဲ့။ ယွင်းဆီ လာတာ ”
အဆဲလေးနဲ့ ကြိုဆိုရေး ဆင်းတော့ မျက်နှာကို မဲ့ပစ်လိုက်တဲ့ ခါးက အကြောမခံဘဲ ပြန်ချေပပြီး ကျူးရဲ့ ဘေးမှာ ဝင်ထိုင်တယ်။ အခန်းကန့်ထားတဲ့ အထပ်သားပြားကို ကျောမှီထိုင်လို့ ကျူးနဲ့ ဘေးတွဲ ချိတ်ရင်း ဖုန်းတစ်လုံး နှစ်ယောက်ကြည့်ပြီး တတွတ်တွတ် ပြောနေကြတာလည်း မမောနိုင် မပမ်းနိုင်။
ကျူး တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ကျူးကိုယ်တိုင် နားလည်လာဖို့ ကိုယ့်အပြင် ခါးနဲ့ မ, ရဲ့ မေတ္တာတရားကလည်း အရေးပါတယ်။ ဒီ့အတွက် ရထားတွဲလေး စုံတွဲကိုပဲ ကျေးဇူးတင်ရမယ်။
“ မ, က ဒီကို ဘာလာလုပ်တာလဲ။ ကိုကို ခေါ်ထားလို့လား ”
ကျူးရဲ့ စကားအဆုံး ခါးက ပေါင်ကို တစ်ချက် ရိုက်ပစ်လိုက်တာ ဗြန်းခနဲ။
“ တကယ်ကြီး မရိုက်နဲ့လေ။ နာတယ် ရသခွေးရဲ့ ! ”
“ နာအောင် တမင် ရိုက်တာလေ။ ယွင်း ခေါ်တိုင်း မ,က လာစရာလား။ မင်း တအား ရိုင်းလာတာပဲ ကျူး ”