အခန်း (၁၄)
ကျူးကို ခါးဆီမှာ တစ်ပတ်လောက် အပ်ပြီး နယ်ကို အရင် ပြောင်းခဲ့ရတယ်။ အထိုင်ကျဖို့ စီစဉ်ပြီးမှ ကျူးကို ခေါ်တာ ပိုကောင်းမယ်။
အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ရွာမှာ ဆေးရုံက တစ်ခုတည်း။ ရန်ကုန်နဲ့ မဝေးပေမဲ့ နီးနေတာလည်း မဟုတ်ဘူး။ ပန်းဆိုးတန်းနဲ့ ဒလကို ပိုင်းခြားထားတဲ့ မြစ်တစ်စင်းကြောင့် ပို့ဆောင်ရေးက သင်္ဘော ဖြစ်တယ်။ သမ္ဘာန်ဆိပ်ကလည်း ကူးနိုင်တာမို့ သွားလာရေးမှာ နှောင့်နှေး ကြန့်ကြာစရာတော့ မရှိဘူး။
ဒလဘက်ကမ်း ရောက်ရင် ရွာကို သွားဖို့အတွက် ဆိုင်ကယ်၊ တက္ကစီနဲ့ သုံးဘီးယာဉ်ကို အဆင်ပြေရာ ရွေးချယ် ငှားနိုင်တယ်။
လယ်ကွင်းစိမ်းစိမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရမယ်။ ရေကန်တွေနဲ့ ဟင်းချက်သီးနှံ ရောင်းတဲ့ ရွာဈေးလေး ရှိတယ်။ လူနေအိမ် အများစုက ပျဉ်ထောင် သွပ်မိုးအိမ် ဖြစ်ပြီး တစ်ထပ်တိုက်နဲ့ နှစ်ထပ်တိုက်တွေလည်း ခပ်ကျဲကျဲ တည်ရှိတယ်။ လူငယ်၊ လူကြီး စုဝေးရာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားတယ်။ ရွာဆိုပေမဲ့ ခေတ်စနစ်ရဲ့ နည်းပညာ တချို့နဲ့ အလှမ်း သိပ်မဝေးဘူး။
ကွန်ကရစ်လမ်း ခင်းထားလို့ ရွှံ့ဗွက်အိုင်တွေ ရှားသလို လျှပ်စစ်မီးကြောင့် ညဘက်တွေလည်း တချို့နေရာတွေမှာ လင်းထိန်တယ်။ အထက်တန်း ကျောင်းတစ်ခုနဲ့ သာရေးနာရေးအတွက် ကူညီ ထောက်ပံ့ပေးတဲ့ ပရဟိတအဖွဲ့အစည်းတွေ ရှိတယ်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာပီပီ ရွာဦး ဘုန်းကြီးကျောင်းလည်း ရှိတယ်။ အုပ်ချုပ်ရေးမှူးရုံးက ရွာအလယ်မှာ နေရာ ယူထားတယ်။ ရွာတော့ ရွာဆိုပေမဲ့ ရွာဓလေ့ မပျောက်တဲ့ တိုးတက် ခေတ်မီရွာလို့ ဆိုရမလား။
ရွာခံသူနာပြု ဆရာမလေး မမူက သိသင့် သိထိုက်တဲ့ ရွာရဲ့ သတင်းတွေမှန်သမျှ တစ်ပတ်အတွင်း ပို့ချပေးလာတယ်။ မမူရဲ့ အကူအညီနဲ့ပဲ ရွာထဲမှာ အငှားတင်တဲ့ အိမ်ကို စုံစမ်းပြီး ငှားနေဖြစ်တယ်။ ပျဉ်ထောင်သွပ်မိုး တစ်ထပ်အိမ်လေးကို ဆေးရုံ အနီးနားမှာ ရလိုက်တာ အတော်လေး အဆင်ပြေသွားတယ်။