အခန်း (၁၃)
“ ငါတော့ အခုထိ မယုံနိုင်သေးဘူး ”
ကျူးရဲ့ အမှတ်မထင် ရိုက်ချက်က အတော် ပြင်းသွားတယ်။ မယုံနိုင်သေးတဲ့ မ,ကိုလည်း မဖြေရှင်းဖြစ်ဘူး။ အမှန်အမှားတွေက ပြီးခဲ့ပြီပဲ။
“ နင့်ကို ကျူး သဘောကျနေမှန်း မသိခဲ့ဘူးလား။ ဒီလောက် အနေနီးတာတောင် နည်းနည်းလေးမှ မရိပ်မိခဲ့ဘူးလား ယွင်း ”
“ အနေနီးတိုင်း နားလည်နိုင်တာမှ မဟုတ်ဘဲ ”
“ ခုရော နင်နဲ့ ကျူး အဆင်ပြေကြရဲ့လား ”
“ ဘယ်သူ့ခံစားချက်ကိုမှ ဂရုမစိုက်တဲ့သူလေ။ ကျူးအတွက် ဒီအခြေအနေက ဘာမှ ထူးပြီး ပြောင်းလဲမသွားဘူး ”
“ အေး။ အဲဒါလည်း ဟုတ်သားပဲ။ ခါးတောင် လိုက်မမီအောင် ကျူးရဲ့ ဆိုးပုံဆိုးနည်းတွေက ခပ်ဆန်းဆန်းရယ် ”
“ နားလည်နိုင်ခွင့် မရှိတဲ့ အဆိုးလေးဆိုတော့ ဆန်းနေတာပေါ့။ ဘယ်သူကများ ကျူးကို ခန့်မှန်းနိုင်မှာမို့လဲ ”
“ ငါကတော့ ကျူးကို တကယ်လန့်မိတာပဲ ”
“ ကျူးကို မလန့်ဘူးဆိုရင် နင် ထူးဆန်းနေလို့ပဲ ဖြစ်မယ် ”
“ အေး။ ကျူးက လူလေးသာ ငယ်တာ။ ပညာတော့ မသေးဘူးဟ ”
“ ဒါဆို သက်ငယ်ပညာရှိလေးကို ရထားတဲ့ ငါ ကံကောင်းတာပေါ့ ”
ရယ်သံပြယ်ပြယ်က ကော်ဖီဆိုင်ထဲ လွင့်တယ်။ နှုတ်ခမ်းထက် လက်အုပ်လို့ ရှက်ရွံ့နေပုံနဲ့တော့ မဟုတ်ဘူး။ မ, က အဲ့လိုပဲ။ မိန်းကလေးဆန်ပေမဲ့ မနူးညံ့ဘူး။ တည်ငြိမ်တဲ့ဟန်နဲ့ ထက်မြက်တယ်။ အေးဆေးတဲ့ဟန်နဲ့ မာန်လေးလည်း ရှိတယ်။ အတိုချုပ်ရရင် လူကို ရှိန်စေနိုင်တဲ့ အဆင်း ရှိသလို ယုံကြည်ပေးနိုင်လောက်တဲ့ အချင်းလည်း ရှိနေပြန်တယ်။
“ ဒါနဲ့ နင် Transfer တင်ထားတာရော ဘယ်လိုလဲ ”
“ ကျပြီ။ ဒါပေမဲ့ ငါ ပြန်စဉ်းစားနေလို့ ”
“ ကျူးကြောင့်လား ”
မဖြေချင်တဲ့ မေးခွန်းအတွက် အသံတိတ် ဆိတ်ငြိမ်ဖြစ်တယ်။ မှန်ရာ ၀န်ခံရရင် ကိုယ် တင်ထားတဲ့ နေရာအတွက် ခွင့်ပြုမိန့် ကျလာပေမဲ့ ကျူးအတွက် အတူလိုက်နေဖို့က ခက်ခဲမှာပဲ။ နေထိုင်စားသောက်ရေး အခက်တွေ့နိုင်တဲ့ နေရာမှာ အဆိုးလေး တောင့်မခံနိုင်မှာ စိုးတယ်။