Ep - 21 [Z]

2.1K 177 19
                                    

အခန်း (၂၁)

လက်ထဲက ဆေးပြီးသား ပန်းကန်ကို လွှတ်ချလိုက်တယ်။ ကွဲကြေသွားတဲ့ အပိုင်းအစတွေထဲက တစ်ခုကို ကောက်ယူပြီး ဖျစ်ညှစ်ဆုပ်ကိုင်လိုက်တော့ အလိုရှိတဲ့ အနီရောင် သွေးစက် စီးကျလာရော။

အသံကြားပြီး ကပျာကယာ ရောက်လာတဲ့ ကိုကို။ တမင် ခွဲပစ်လိုက်တာကိုတော့ မသိရှာဘူး။ ကိုကို့ မျက်ဝန်းမှာ စိုးရိမ်ပူပန်ငွေ့သာ ထင်းတယ်။

ကျူးနဲ့ ဘဲကြီးရဲ့ ဘားက အကြောင်းတွေ ကိုကို့ နားထဲ ပြန်ရောက်ခဲ့လည်း ဘာမှမဖြစ်သလို နေနိုင်ရက်တယ်။ သြချစရာ သဘောထား ဆိုတာထက် ကျူးအပေါ် ဘာခံစားချက်မှ ရှိမနေလို့လည်း ဖြစ်နိုင်တာပဲ။

“ ကျူး ”

သွေးစွန်းလက်ကို မြင်ပြီး ခေါ်လာတဲ့ ကိုကို့ မျက်နှာမှာ အရောင်တွေ မှိုင်းတယ်။ ပြိုတော့မယ့် မိုးလို ညိုနေလေရဲ့။

ဘယ်လောက် ဝေးအောင်ပြေးပြေး အမီ လိုက်ခဲ့လည်း ကျူးရဲ့ စိတ်ကြိုက် လွင့်ခွင့်ကို ပေးအပ်ထားတဲ့ ကိုကိုက တစ်ခါတလေတော့ မုန်းပစ်ချင်စရာလေး။ ဒါပေမဲ့လည်း ကျူး လှည့်ကြည့်တိုင်း မြင်ရတတ်တဲ့ တစ်ခုတည်းသော အရိပ် ပိုင်ရှင်လေးမို့ မြတ်နိုးမိပြန်တယ်။

“ ကိုကိုပဲ ဆေးလိုက်ရမှာ။ အခုတော့ ဒီလိုတွေ ဖြစ်ရပြီ ”

ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးစည်းပေးရင်း ပြောလာတဲ့ ကိုကို။ ငြိမ်ငြိမ်လေးပဲ နေရင်း အရွေ့ တစ်ခုချင်းစီတိုင်းကို လိုက်ကြည့်ဖြစ်တယ်။ ကိုကို့ အယုအယတွေမှာ ချည်နှောင်ခြင်း ကင်းတယ်။

ဒီဆရာဝန်ကို အနားမှာ အမြဲ ခေါ်ထားနိုင်ဖို့ ကျူးရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီး ကိုယ်တစ်ပိုင်း သေအောင် လုပ်ပစ်လိုက်ရမလား။ ဒါဆိုရင် ကျူးရဲ့ အနားက ကိုကို ဘယ်မှ သွားလို့ မရတော့ဘူး။

“ ဒီပုံစံနဲ့ တစ်ယောက်တည်းနေခဲ့လို့ ဖြစ်ပါ့မလား ”

“ ဖြစ်ပါတယ်။ ဒီဒဏ်ရာလောက်က ကျူးအတွက် ဘာမှ မဟုတ်ဘူး ”

“ ပန်းကန်ကွဲစတွေ သွားရှင်းလိုက်ဦးမယ် ”

ကိုကို ထွက်သွားတော့မှ ဖုန်းကင်မရာကို ဖွင့်ပြီး လက်က ပတ်တီးကို ဓာတ်ပုံရိုက်လိုက်တယ်။

Private AreaWhere stories live. Discover now