အခန်း (၄)
“ ခါး ”
အသံနဲ့ အတူ အနားကိုပါ ရောက်လာတဲ့သူကြောင့် စိတ်တွေ အချဉ်ပေါက်လာရော။
“ မနက်ကတည်းက ဖုန်းဆက်မရလို့ စိတ်ပူနေတာ။ ခါးကို ဘယ်လိုချော့ရမလဲ မသိတာနဲ့ ..”
လက်ဖျားက အင်္ကျီစကို မထိတထိ လာရိတယ်။ ရယ်သံမျှင်းမျှင်းကိုပါ ပေါင်းထည့်လိုက်တော့ တွယ်ချိတ်လို ငြိနေတဲ့ မရွှေချောရဲ့ သက်တန့်ရောင်မျက်နှာ ကာလာ ပိုတောက်သွားရော။ ငယ်ရွယ်နုပျိုမှုရဲ့ အလှတွေက ကျူး ရောက်မလာခင်အထိပဲ ခံလိုက်တာ နှမြောစရာ။ ခုတော့ ဘာလဲဆိုတဲ့ အထာနဲ့ အသံတိတ် မေးခွန်းတွေ ထုတ်လာပြီ။
“ စိတ်ဆိုးပြေတော့လေ ခါးရာ။ ကျူး မှားမှန်း သိပါပြီလို့ ပြောနေတာကို .. ခါး ကျူးကို ခုထိ မမုန်းသေးတာ သိတယ်နော်။ မညစ်နဲ့လေကွာ ”
ဗိုက်ကို ရွယ်လို့ လက်သီးဖွဖွ ထိုးရင်း ပြောလာသူကို အမှုန့်ဖြစ်အောင် ချေပစ်ချင်ပြီ။
ပလိန်းကြီး လာဆော်နေတဲ့ လေပြေယုတ် !
“ ကိုကို ဘာတွေလဲ ”
မဒီချောရဲ့ နှုတ်ခမ်းလွှာ ပွင့်အံလာတာနဲ့ ကိုယ်ကလည်း ရှေ့ရေး ကြိုမြင်ပြီးသား။ ဖြေရှင်းလည်း အပိုပဲ။ ဆက်တွဲရအောင် စိတ်မှ မပါတော့ဘဲ။
စကီလေးရဲ့ လက်ကို ဖြုတ်ပြီး သောက်ကျိုး မပေးတဲ့ လေပြေယုတ်ရဲ့ဘေး ဝင်ကပ် ရပ်ပစ်တယ်။ စိတ်မကောင်းစရာပဲ။ ပြတ်သွားလည်း ကိုယ် မမှုတာ မင်း သိနေခဲ့သင့်တာ ကျူးရဲ့ ..။
“ ဆောရီး။ ကိုယ်က Gay .. သူနဲ့ အဆင်မပြေလို့
စိတ်လေပြီး မင်းနဲ့ ငြိသွားတာ။ အခု မင်းလည်း မြင်ပြီဆိုတော့ ကိုယ်တို့ ပြတ်ကြတာပေါ့ ”လက်ဖဝါးတစ်ဖက် ပါးထက် ပျံကျမလာခင် လေပြေယုတ်ရဲ့ လက်ကို ဆွဲပြီး သုတ်ခြေတင် ရတော့တာပဲ။ ကျန်ခဲ့တဲ့ ပျိုချောက ဒေါက်ဖိနပ်နဲ့ ပစ်ပေါက်မလာတာပဲ ကျေးဇူးတင်ဖို့ အတော် ကောင်းနေပြီ။
ကားပါကင်ရောက်တာနဲ့ လက်ကို လွှတ်ပြီး ဆောင့်တွန်းမိတာပဲ။ ဒါတောင် သောက်ရမ်း အကြောတင်းတဲ့ လေပြေယုတ်က အုတ်တိုင်မှာ ကျောမှီ ရပ်ပြီး သဘောတကျ ပြုံးနေသေးတာ။