အခန်း (၃၃)
ဆေးရုံမှာ Round လှည့်ရင်း လိုအပ်တဲ့ ဆေးဝါး ကုသမှုအတွက် ညွှန်ကြားပြီး အခန်းထဲ ပြန်ဝင်ဖို့ လုပ်တော့ ကိုယ်နဲ့အတူ ဆရာမကြီးပါ လိုက်ပါလာတယ်။ သနပ်ခါးရေကျဲ လူးထားတတ်လေ့ရှိတဲ့ ဆရာမကြီးက တည်ငြိမ် အေးဆေးပုံ အမြဲ ပေါ်လွင်တယ်။
အရှိန်ဆိုတာ ဂုဏ်ပကာသနတွေ၊ ပညာရည်တွေ၊ စည်းစိမ် ချမ်းသာတွေဆိုတာထက် ကိုယ်ပိုင်မူလ ပုံစံမှာ ရိုးစင်းတဲ့ ဖြောင့်မတ်ခြင်းတွေ ရှိနေတာကို ပေါ်လွင် သိသာစေမှုရယ်လို့ပဲ မြင်မိတယ်။
ဆရာမကြီးမှာ ထူးကဲသာလွန်တဲ့ ပိုင်ဆိုင်မှု ကြီးကြီးမားမား ဘာတစ်ခုမှ မရှိဘူး။ ဒါပေမဲ့ တာဝန်သိစိတ် တစ်ခုအပေါ်မှာ ထားရှိတဲ့ စိတ်ရင်း စေတနာတွေကတော့ မနည်းပါးခဲ့ဘူး။
ဒီအချက်ကပဲ ကိုယ့်အတွက် ဆရာမကြီးက လေးစားစရာ လူတစ်ယောက် ဖြစ်လာခဲ့တယ်။“ ဆရာ စောစောပြန်ရင် ပြန်နှင့်ပါလား။ ကျူးကိုလည်း ကြည့်ပေးလို့ ရတာပေါ့ ”
“ ပြန်လို့ မဖြစ်သေးပါဘူး။ ဒီမှာ ခဏ စောင့်ကြည့်ချင်သေးတယ် ”
ဆရာမကြီးရဲ့ အကြံပြုစကားကို အပြုံးနဲ့ ငြင်းဆန်ဖြစ်တယ်။ လူနာ လှည့်ပြီးတာနဲ့ ပြန်သွားဖို့က အချိန် အတိုင်းအတာတစ်ခုအပေါ် စေးကပ်လွန်းရာ ကျတယ်။
ရိုးရိုးသားသား ပြောရရင် ပြန်ချင်တာပေါ့။ နေမကောင်းတဲ့ ကျူးအနား နေပေးချင်တယ်။
အစာ မရှိဘဲ ဆေးသောက်မှာလည်း စိုးတယ်။
ဗိုက်အောင့်နေမလားလဲ တွေးပူမိတယ်။ ဒါပေမဲ့ တာဝန်ယူထားတဲ့ အလုပ်တစ်ဖက်နဲ့ ကိုယ့်မှာ ကျူးဆီ အပြေး သွားဖို့ ခြေလှမ်းတွေ တွန့်ရတယ်။ဆရာဝန်ဆိုတာ တာဝန်ယူမှု၊ တာဝန်သိစိတ် ရှိနေရုံနဲ့ မပြည့်ဝဘူး။ ဆရာဝန်တစ်ယောက်ရဲ့ ခံယူချက်၊ စေတနာ၊ ကရုဏာဒေါတွေလည်း ရှိနေရမှာ။
ဘယ်အလုပ်မဆို ဝတ်ကျေတန်းကျေ လုပ်တာထက် စေတနာလေး ထည့်ပြီး ဆောင်ရွက်တာက ပိုကောင်းပါတယ်။
“ ဆရာ ”
အတွေးများပြီး ငြိမ်ကျသွားတော့ ဆရာမကြီးဆီက အသံ ထွက်လာတယ်။ အသိကို သတိနဲ့ မြဲအောင် ပစ္စုပ္ပန်မှာ ပြန်တွဲချုပ်ရတယ်။