အခန်း (၅)
" ကျူး ငါနဲ့ ခဏလိုက်ခဲ့ကွာ "
အိမ်အထိ ရောက်ချလာတာ အသည်းအသန် ဖြစ်နေလို့ပဲ။ သေချာတယ်။ မ, ပြန်ရောက်နေပြီ။
" ဘာလဲကွာ။ ငါ အရုပ်ဆက်နေတယ်။ မအားဘူး "
" မအားလည်း ရအောင် အားပေး။ မဟုတ်ရင် မင်းအခု ဆက်ထားတဲ့ဟာတွေ ငါအကုန် ဖျက်ဆီးပစ်မှာ "
စိတ်တိုလာတိုင်း ဆဲကြေးဆို ခါးအတွက် သီးသန့် အဆဲတချို့ ထပ်ထုတ်ပေးနိုင်ရင် ကောင်းမယ်။ မဟုတ်ရင် ရိုးအီပြီး ငြီးငွေ့ရမှာ။ အကူအညီ တောင်းနေတဲ့ ပုံစံကိုက နပန်းဖက်လုံးပစ်ချင်စရာ။
" ရသခါး ဒါဘာလုပ်တာလဲ ! "
" ရှင်းထုတ်ပစ်တာကွာ။ မင်းမှ ငါ့ကို အဖက် မလုပ်ဘဲ "
မဆက်ရသေးတဲ့ အပိုင်းအစတွေကို ယူပြီး ရေကူးကန်ဘက် လွှင့်ပစ်လိုက်တဲ့ ရသခါး။ ကလေးတွေထက် ဂျီကျချက်က နိုင်းပလပ်စ် (Nine Plus) ။
" မ, ပြန်ရောက်နေပြီကွ "
" သိတယ် "
" သိနေတာလား။ မ, က မင်း ကိုကိုဆီ လာပြီးသွားပြီလား။ ဒီ မ,ကတော့ကွာ။ အဲဒါတွေ ငါ စောက်သည်းပေါက်တာ။ ငါ့ကိုကျ ပြန်ရောက်တာတောင် ဖုန်းတစ်ချက် မဆက်ဘူး "
ခုံအလွတ်ကို ဆွဲရင်း ဝင်ထိုင်ပြီး ပြောချင်ရာတွေ ဇွတ်တင်နေတဲ့ ရသခါး။ အလိုမကျတဲ့ စိတ်ကို လိမ္မော်ဖျော်ရည် ဖန်ခွက်အပေါ် ပို့ချလိုက်သေး။ မသိရင် သူ သောက်ဖို့ပဲ အလိုက်တသိ ဖျော်ပေးထားသလို။
မဖိတ်ထားဘဲ ရောက်လာတဲ့ ဧည့်က ပလိန်းကြီး ရောင့်တက်ပြနေတာ။
" မင်း ဒီလောက် ရုပ်ပေါက်နေမှတော့ မ,က လွဲပြီး ဖြစ်နိုင်မလား။ အရူးတောင် မှန်းလို့ ရတယ်။ လျှောက်ရမ်းမနေနဲ့ "
" သိရင်လည်း မြန်မြန် ထလေကွာ။ မ,ဆီသွားမယ် "
" မလိုက်ချင်လို့ မင်း ပူသမျှ အလောင်ခံပြီး ပေကပ်နေတာလေ "
" မညစ်နဲ့လေ။ ဘဝတူချင်း နည်းနည်းတော့ စာနာမှပေါ့ "
" သေလိုက်လေ။ ငါက ပိုခက်တယ်ကွ ! "
ဆက်ပြောလည်း အထုပ်ဖြည်တာက လွဲပြီး အကျိုး မရှိနိုင်တာ အသိပဲ။ စိတ်ရှုပ်ရှုပ်နဲ့ အိမ်ထဲ ဝင်ဖို့ ပြင်တော့ ဘေးမှာ ကပ်ပါလာတဲ့ ငါးပူတင်းကောင်က တတွတ်တွတ်။