အခန်း (၉)
“ ငြိမ်နေတာ မရိုးဘူး။ ဘာတွေ ကြံနေပြန်ပြီလဲ ”
အပြင်သွားဖို့ ဖုန်းဆက်ခေါ်တိုင်း ငြင်းပစ်တဲ့ ကျူး။ အိမ်ကို လာခေါ်တော့လည်း ပယ်ချပြန်တယ်။ ငြိမ်နေတာ ဆယ်ရက် ရှိပြီ။ ထူးဆန်းလွန်းတဲ့ တိတ်ဆိတ်မှုက ကြောက်စရာ ပိုကောင်းတယ်။ တစ်ခုခုကို ကြံနေပြီပဲ။
“ မရိုးမသား ဘာတွေလုပ်ဦးမလို့လဲ ”
ခပ်ပြင်းပြင်း ရိုက်ချက်တွေကြားမှာ ကစားပွဲက လွဲလို့ ဘာကိုမှ အာရုံမထားဟန်နဲ့ ကျူး။ လက်ရည်ညီတဲ့ ကြက်တောင်ရိုက်ပွဲမှာ ကျူးကို မရှုံးချင်တာ အမှန်ပဲ။
“ မေးခွန်း ပြောင်းမယ်။ ယွင်း ရည်းစား ရသွားပြီလား ”
ပြန်လာတဲ့ ရိုက်ချက်က အောက်စိုက်။ ဆယ်ယူချိန် မရတော့ ကျူးက အနိုင်ရသွားတယ်။ လက်ရည် တက်လာသလို ညစ်ပတ်တတ်တဲ့ အကျင့်လည်း ပိုလာတာပဲ။
မြက်ခင်းပေါ် ထိုင်ချချိန်မှာပဲ ဘေးနား ရောက်လာတဲ့ ကျူး။ လက်နဲ့ နဖူးမှာ အနီရောင် ပုဝါကို စည်းထားတော့ ရုပ်ထွက်လေး စွန်းဖိုင်းတယ်။
“ ငါ မေးနေတာ များပြီ။ တစ်ခုခုတော့ ဖြေ ”
“ စိတ်ကူးတချို့ ပုံစံပြောင်းသွားတယ် ”
“ ဘယ်လိုမျိုးလဲ ”
“ ကိုကို့ဆီက ဘာကိုမှ မမျှော်လင့်တော့ဘူး ”
“ ငါများ နားမကောင်းတော့တာလား။ မင်းဆီက ဒီစကား ကြားရတာ ”
“ ကိုကို့ဆီက မသေချာတဲ့ အရာကို စောင့်ရတာ ကြာတော့ ငါ့အချိန်တွေ ဖြုန်းတီးနေသလို ခံစားရတယ် ”
“ ဒါဖြင့် မင်း သူ့အပေါ်ထားတဲ့ ခံစားချက်တွေ တပ်ပြန်ခေါက်တော့မယ်ပေါ့ ”
“ ချစ်ခဲ့တာ ချောင်ထိုးဖို့မှ မဟုတ်ဘဲ ”
နားမလည်သေးလို့ ငြိမ်နေမိတော့ ကျန်နေတဲ့ ကွက်လပ်ကို ကျူးက ထပ်ဖြည့်တယ်။
“ လူကိုပဲ ရအောင် ယူတော့မယ်။ ဘာခံစားချက်မှ မပါတဲ့ အခွံဆိုရင်လည်း ဖြစ်တယ် ”
ဆယ်ရက်လုံး ပျောက်နေခဲ့တဲ့ အကြောင်းက ကောင်းကင်ကို မီးတက်ရှို့ဖို့ ဖြစ်နေတယ်။
အလိုရှိတဲ့ အခွံကို ပိုင်ခဲ့ရင်တောင် ရင်းရမယ့် ကြေးက ထပ်လိုက်စရာ မရှိအောင် ဟိုက်လွန်းသွားပြီ။ ဒါကို သိရဲ့သားနဲ့ ကျူးက ဇွတ်တိုးဖို့ ကြံသတဲ့။