Ep - 12 [U]

5.2K 533 13
                                    

အခန်း (၁၂)

ကြံခဲ့သမျှ အလီလီကို ကိုကိုက စကားတစ်ခွန်းနဲ့ အဆုံးသတ်ပေးလာတယ်။

' ကျူး ဖြစ်စေချင်တဲ့အတိုင်းပဲ ' တဲ့။

နှစ်ဖက် မိသားစုဝင်တွေကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတာပေါ့။ ဒါကလည်း ကြိုတင် တွေးထားပြီးသား သမားရိုးကျ ဖြစ်စဉ်ပါပဲ။ ယောက်ျားနှစ်ယောက်ရဲ့ ပတ်သက်မှုကို မိသားစု အသိုင်းအဝိုင်းမှာ ဝမ်းပန်းတသာ လက်ခံ ကြည်ဖြူဖို့ဆိုတာ ခဲယဉ်းရှားပါးတယ် မဟုတ်လား။ တင်းမာတဲ့ အခြေအနေရဲ့  နောက်ဆုံး ရလဒ်အနေနဲ့ ကိုကိုက အိမ်နဲ့ ပတ်သက်ခွင့် မရှိတော့တဲ့ သားတစ်ယောက် ဖြစ်သွားတယ်။ ကျူးကတော့ ကိုယ့်သဘောနဲ့ ကိုယ်ပဲ ဆင်းခဲ့လိုက်တယ်။

' ကိုယ့်သားက ဒီလိုမျိုး လုပ်ထားပြီးမှ ယွင်းကို ဘယ်လို မျက်နှာချင်းဆိုင်ရဲတော့မှာလဲ ' လို့ ဆိုလာတဲ့ မေမေ့စကား တစ်ခွန်းအောက်မှာ အခန်းထဲက ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကို အိတ်ထဲ ထည့်မိတော့တာပဲ။

လက်မခံလည်း ဘာအရေးလဲ။ ကျူး လိုချင်တာ ရပြီပဲ။ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရမယ်ဆိုတဲ့ သဘောတရားအရဆို ကျူး လက်လွှတ်မယ့် သူက ကိုကို မဟုတ်ဘူး။

ကျူးအတွက် ကိုကိုတစ်ယောက်ပဲ ရှိရင် ရတယ်။ ကိုကိုက ကျူးကြောင့် စွန့်ပစ်ခံလိုက်ရတယ်။ ကိုကို့တစ်ယောက်တည်း မနစ်နာစေလိုတဲ့ ကျူးကလည်း မျှမျှတတဖြစ်အောင် မိသားစုကို ထားခဲ့တယ်။ ခုဆိုရင် ကိုကိုရော ကျူးရော ကျောထောင့် နောက်ခံ မိသားစု မရှိတော့တာချင်း အတူတူ ဖြစ်သွားပြီ။

လေးလွှာက ဆယ့်သုံးပေပတ်လည် တိုက်ခန်းမှာ နေ့ရက်တွေကို အသစ်တဖန် စတင်ပျိုးတယ်။ တစ်ခုတည်း ရှိတဲ့ အိပ်ခန်းထဲက ကုတင်ပေါ် လှဲချဖြစ်တယ်။ ကြက်ဥနှစ်ရောင် မျက်နှာကျက်နဲ့ လွင့်နေတဲ့ လိုက်ကာစတွေကြား တိုးဝင်လာတဲ့ သဘာဝ လေပြည်အေးက ခပ်စိမ့်စိမ့်။ အလုံပိတ် အခန်းထဲက အဲယားကွန်းရဲ့ အအေးဓါတ်ကိုမှ ကျူးက ပိုသဘောကျမိတာကိုလည်း ဝန်ခံရမယ်။

လူတွေရဲ့ ကောင်းကောင်းမွန်မွန် အမြင်နဲ့ ခပ်ဝေးဝေးမှာ နေဖြစ်တော့ မပေါင်းအပ်တဲ့ ဘေးတိုက်သမားရယ်လို့ ကျူးကို တခုတ်တရ သတ်မှတ်ကြတယ်။ ကိစ္စ မရှိပါဘူး။ သူတို့က ကျူးကို ဘေးတစောင်း အနေအထားက ကြည့်နေလို့လည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။

Private AreaWhere stories live. Discover now