အပိုင်း က (Mew)
“ဟိုးရှေးရှေးတုန်းက ရေနတ်သမီးလေးတစ်ပါးရှိတယ်။ သူ့နာမည်က ကလိုင်တီ (Clyti) တဲ့။ အရမ်းလှတဲ့ ဆံပင်ရွှေရောင်တွေရှိတဲ့ ရေနတ်သမီးလေးပေါ့။ သူ့ဆံပင်တွေကို ဖြီးလိုက်ရင် ရွှေရောင်တွေက ပိုတောက်လာလွန်းလို့ တခြားနတ်သားတွေ၊ နတ်သမီးတွေကတောင် ငေးကြည့်ရတယ်။ တစ်နေ့ကျတော့ သူက သူ့သူငယ်ချင်းနဲ့အတူ ရေမျက်နှာပြင်ပေါ်တက်လာရင်း ကောင်းကင်ပေါ်မှာ မြင်းရထားကိုမောင်းပြီး သွားနေတဲ့ နေနတ်သား အပေါ်လို (Apollo) ကို တွေ့သွားခဲ့တယ်။ အပေါ်လို ဟာ ကိုယ်ရောင်ကိုယ်ဝါတောက်ပလွန်းပြီး သူမြင်းရထား စီးနေပုံက ကြည့်ကောင်းလွန်းတာမို့ ကလိုင်တီက မြင်မြင်ချင်းပဲ သဘောကျသွားခဲ့တယ်။ အဲ့လိုနဲ့ အပေါ်လို ကို ထိုင်ကြည့်နေလိုက်တာ ဟိုး မိုးကုပ်စက်ဝိုင်းတခြားတစ်ဖက်ကို အပေါ်လို ရောက်သွားပြီး ပျောက်သွားမှ ရေထဲ ပြန်ဆင်းလာတော့တယ်။ အဲ့လိုနဲ့ နေ့တိုင်း အပေါ်လို ကို စမြင်ရတဲ့အချိန်ကနေ တခြားတစ်ဖက်ကို ရောက်ပြီးပျောက်သွားတဲ့အချိန်ထိ ထိုင်ကြည့်နေတာက ကလိုင်တီရဲ့ တာဝန်တစ်ခုလို ဖြစ်လာခဲ့တယ်။ သူကသာ နေ့တိုင်း ကြည့်နေခဲ့တာ။ အပေါ်လိုကတော့ သူ့ကို သတိမထားမိဘူး။”
ပြောရင်းနဲ့ ခဏရပ်ကာ ကလေးတွေ စိတ်ဝင်တစားနားထောင်နေတာတွေ့မှ ကောင်ငယ်လေးက စကားဆက်ပြောသည်။
“သူ့ကို အပေါ်လိုသတိထားမိအောင် ဘာလုပ်ရမလဲ တွေးရင်းနဲ့ သူ့ဆံပင်တွေကို ဖြီးလိုက်ရင် ရွှေရောင်တောက်လာလို့ အကုန် သတိထားမိတာကို သတိရလိုက်တယ်။ နောက်နေ့မနက်ကျ သူ ခေါင်းဖြီးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ရောက်တဲ့အခါ ရေပေါ်တက်၊ ကျောက်တုံးပေါ်မှာထိုင်ပြီး အပေါ်လို ရောက်လာတဲ့အချိန်မှာ သူ့ဆံပင်တွေကို ဖြီးနေခဲ့တယ်။ ဒါပေမဲ့ အပေါ်လိုကတော့ သူ့ကို သတိမထားမိပြန်ဘူး။ သူ တအားစိတ်မကောင်းဖြစ်ပြီး ငိုနေမိတယ်။ ရေအောက်ကို ပြန်ဆင်းဖို့လည်း သတိမရတော့ဘူး။ တောက်လျှောက် အပေါ်လိုကိုပဲ ကြည့်နေခဲ့တယ်။ နောက်နေ့ နေပြန်ထွက်လာပြီး အပေါ်လိုရောက်လာချိန်မှာလည်း သူဟာ အရင်လိုပဲ လိုက်ကြည့်နေတုန်းပဲ။ ကျောက်တုံးပေါ်ကနေ နေရာမရွေ့ဘဲ… ဗိုက်ဆာတိုင်း ရေငတ်တိုင်း သူ့မျက်ရည်တွေကိုပဲ သူသောက်ပြီး နေနေခဲ့တယ်။”
ကောင်လေးစကားပြောနေပုံက ပုံပြင်ထဲ သူကိုယ်တိုင်ရောက်ပြီး သူကိုယ်တိုင် ကလိုင်တီဖြစ်လာသလို ခံစားရစေသည်။
“အဲ့လိုနဲ့ ရက်တွေ အများကြီး ကြာသွားခဲ့တယ်။ သူကတော့ ကြည့်နေတုန်းပဲ။ တစ်ရက်… အဲ့တစ်ရက်ကျ သူ သူ့ခြေထောက်တွေကို လှုပ်ရှားကြည့်ဖို့ လုပ်တဲ့အခါ သူ့ခြေထောက်တွေ လှုပ်မရတော့ဘူး။ သူ့ ဆံပင်တွေဟာလည်း အဝါရောင်ပွင့်ဖတ်တွေအဖြစ်ကို ပြောင်းသွားတယ်။ သူ့မျက်နှာလေးဟာလည်း အညိုရောင်ဖြစ်သွားပြီး သူ့ဆီမှာ အစိမ်းရောင်ရိုးတံနဲ့ အရွက်တွေ ရှိနေတယ်။ ဘေးက နတ်သားနတ်သမီးတိုင်းက ကလိုင်တီဟာ နေကြာပန်းလေးဖြစ်သွားပြီလို့ ပြောကြတယ်။ အဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ ကလိုင်တီရဲ့မျိုးနွယ်ဝင် နေကြာပန်းလေးတွေ အများကြီး ရှိလာခဲ့ပြီး သူတို့ကလည်း ကလိုင်တီလိုပဲ နေနတ်သား အပေါ်လိုကို လိုက်ကြည့်နေကြပြီး နေဝင်သွားရင် မှိုင်တွေပြီး ကျန်နေခဲ့ကြတာ ဒီနေ့ထိပဲ တဲ့။ ဒါကတော့ နေကြာပန်းလေးဘယ်လိုဖြစ်လာသလဲဆိုတဲ့ ပုံပြင်ပဲ ဖြစ်ပါတယ်။ ပြီးပါပြီ။”
“Phi, Phi ရော နေကြာပန်းကြိုက်လား။”
“ကြိုက်တာပေါ့ ညီမလေးရဲ့။ Phi အကြိုက်ဆုံးပန်းက နေကြာပန်းပဲ။ သူ့အဓိပ္ပာယ်က သစ္စာရှိခြင်းလို့ ပြောကြတယ်။ ပုံပြင်ထဲကလိုပဲ နေကြာပန်းလေးတွေက အမြဲတမ်း နေကိုပဲ သစ္စာရှိရှိ ကြည့်နေခဲ့ကြတာမို့လို့လေ။”
“Phi ရော နေကြာပန်းလေးတွေလိုပဲ လိုက်ကြည့်နေတာ ရှိတာလား”
“ရှိတာပေါ့။ Phi ရဲ့ အိပ်မက်တွေလေ။ အိပ်မက်ကို ကြည့်ရင်း နေထိုင်လာခဲ့တာမို့။”
“လူရော။ Phi ကြည့်နေတဲ့သူရော မရှိဘူးလား။ နေနဲ့တူတဲ့လူလေ။”
“ဟင်”
မေးလိုက်သော ကလေးကို ကျေးဇူးတင်မိသည်။ သူလည်း သိချင်နေသော မေးခွန်းဖြစ်လို့ပင်။ ဘာလို့ သိချင်တာလဲဆိုတာတော့ သူကိုယ်တိုင်လည်း မသိ။
“Gulf ထမင်းစားတော့လေ။ ကလေးတို့ရေ၊ ဒီ Phi က ထမင်းမစားရသေးလို့ ထမင်းပေးစားလိုက်နော်။ ခု အဆိုတော်တစ်ယောက်က သီချင်းဆိုပြတာကို နားထောင်ကြစို့။ Phi Mew ကို ဖိတ်ခေါ်ပါတယ်။ Phi Mew ဘာသီချင်းဆိုမှာလဲဗျ။”
သိချင်လို့ နားထောင်နေကာမှ သာသနာဖျက်က ဝင်သည်။ မကျေမနပ်နှင့်ပင် ဂစ်တာပိုက်ကာ ထသွားလိုက်ရသည်။
“ဒီနေ့ Phi က Loving you everyday (Ruk tur pai took wun) ဆိုတဲ့ သီချင်းလေးကို ဆိုပြပါမယ်။”
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...