အခန်း ၃ 🌻

900 64 0
                                    


အပိုင်းက
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ
ချင်းမိုင်တက္ကသိုလ်နယ်မြေတွင်းတွင် ကျောင်းသားများဖြင့် ပြည့်နှက်နေသည်။ ကျောင်းဖွင့်စ ရက်မို့ပေလားမသိ။ ကျောင်းသားများသည် လိပ်ပြာလေးများ ပန်းခင်းတွင် ဝဲနေသကဲ့သို့ ဟိုမှသည် လူးလာလှုပ်ရှားနေကြသည်။ ဌာနများ၏ ရှေ့တွင် စီနီယာများက ခုံများဖြင့်ထိုင်ကာ နာမည်စာရင်းမှတ်နေကြသည်။ ဤသည်မှာ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ၏ ချစ်စရာ ဓလေ့တစ်ခုဖြစ်သည်။ စီနီယာဂျူနီယာရင်းနှီးမှုသည် ထိုင်းကျောင်းသားများအတွက် မစိမ်း။ အပြင်လုပ်ငန်းခွင်ရောက်လျှင်ပင် ဤရင်းနှီးမှုကို ဆက်ထိန်းသိမ်းထားကြသည်။
ကျောင်းတွင်းရှိ ယောက်ျားလေးဆောင် A 7 မှ ချင်းမိုင်တက္ကသိုလ်၏ ဘွဲ့ကြိုကျောင်းသားများအတွက် တူညီဝတ်စုံဖြစ်သော အဖြူရောင်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားသော ကျောင်းသားတစ်ယောက် ထွက်လာသည်။ ၁၈၀ စင်တီမီတာကျော်လောက်အောင် မြင့်မားသောအရပ်၊ ထိုအရပ်နှင့် လိုက်သော ကိုယ်လုံးကိုယ်ပေါက်လည်း ရှိသည့်အပြင် မျက်နှာမှာလည်း ယောက်ျားဆန်သည်။ ဘာမှမလုပ်ရဘဲနှင့်ပင် သူ့ပုံစံက ဘေးကလူများကို ဆွဲဆောင်နေသောကြောင့် အကြည့်တော်တော်များများက သူ့ဆီရောက်လာသည်။ အကြည့်ခံလိုက်ရသောကြောင့် ရှက်သွားပုံပေါ်သည်။ မျက်နှာလေးရဲကာ သွားအပြည့်ပေါ်အောင် ရယ်လိုက်သည်။ ထိုအခါ ခုနက မျက်နှာအမူအရာမှာ ဘယ်ရောက်သွားသည်မသိ။ ကလေးဆန်သော မျက်နှာပုံစံလေးသာ ကျန်ရစ်တော့သည်။ ထိုကောင်လေး၏ ချက်ချင်းပြောင်းလဲသွားသော မျက်နှာအနေအထားကြောင့် ခုနက ကြည့်နေသော လူများ၏ အကြည့်မှာ ပိုတောင်မခွာနိုင်တော့။ အချင်းချင်း လက်တို့၍ပင် ပြောပြသည့်အနေအထားဖြစ်လာသည်။
Mild: ရုပ်ချောတဲ့သူဖြစ်ရတာလည်း မလွယ်ပါလား။ မင်းကို အဲ့လောက် အရပ်ရှည်ပြီး ကြည့်ကောင်းမနေပါနဲ့လို့ ငါပြောသားပဲ။ မျက်နှာကလည်း ကလေးပုံပေါက်လိုက်၊ လူကြီးပုံပေါက်လိုက်နဲ့။ အောင်စာရင်းထွက်ပြီးတည်းက မင်း ဘာဆေးတွေကြိတ်သောက်နေလဲ ပြောပြစမ်း။
နောက်ကထွက်လာသော Mild ၏ မကျေမနပ်ရေရွတ်သံကြောင့် ကျနော် ပိုရယ်ချင်သွားသည်။
Mild: ရယ်မနေနဲ့။ Champ ကလည်း တက္ကသိုလ် မတက်တော့ဘူးဖြစ်သွားတယ်။ ငါ့မှာ ခုသိတဲ့သူဆိုလို့ မင်းပဲရှိတာ။ မင်းက အဲ့လို မိန်းကလေးတွေကြိုက်မယ့်ရုပ်ကလေးရှိနေ။ ပြီးရင် မိန်းကလေးတွေက လာကြိုက်။ မင်းက ပြန်ကြိုက်။ အဲ့မှာတွဲ။ အဲ့မှာ ငါက တစ်ယောက်တည်း။
Gulf: ဟိုး ဟိုး။ ငါ ရည်းစားထားမယ်လို့လည်း တစ်ခွန်းမှ မပြောဖူးဘူးထင်တယ်။
Mild: မပြောဘူးပေမယ့် ထားတော့မှာ မဟုတ်ဘူးလား။ အန်ကယ် Sea တို့လည်း နီးတော့တာမဟုတ်ဘူး။ မင်းလုပ်ချင်တာလုပ်လို့ရနေပြီပဲ။
Gulf: လုပ်ချင်တာ လုပ်လို့ရတာမှန်တယ်။ အဲ့ဒါကြောင့် လုပ်ချင်တာလုပ်မလို့လေ။ ရည်းစားတော့မထားပါဘူးကွာ။ ငါက တစ်ယောက်တည်းကိုပဲ စချစ်ပြီး အဲ့တစ်ယောက်တည်းကိုပဲ ဆက်ချစ်သွားချင်တာ။
Mild: တော် တော်။ စကားကြီးစကားကျယ်တွေရပ်။ အဆောင်နဲ့ ဌာနနဲ့ နီးရဲ့သားနဲ့။ ပထမဆုံးနေ့မှာ နောက်ကျတယ်လို့တော့ အပြောမခံချင်ဘူးကွာ။ မြန်မြန်သွားရအောင်။
ပြုံးလျက် Mild နဲ့ တူတူ လျှောက်လာခဲ့သည်။ ချင်းမိုင်တက္ကသိုလ်။ တစ်နည်းအားဖြင့် ကျနော့်ရဲ့ အိပ်မက်တွေကို အစဖော်ပေးနိုင်မယ့် တက္ကသိုလ်။ ဒီတက္ကသိုလ်ရဲ့ရင်ခွင်ထဲမှာ ကျနော်ရောက်နေပြီဖြစ်သည်။ ဟုတ်တယ်။ ကျနော် ချင်းမိုင်တက္ကသိုလ်ကို တက်ခွင့်ရခဲ့သည်။ ကျနော့် ချွဲခြင်းက အလုပ်ဖြစ်ခဲ့သည်။ ပေးဆပ်လိုက်ရတာတွေတော့ ရှိသည်။ ဖေဖေတက်စေချင်သော စီးပွားရေးမေဂျာကို ယူခဲ့ရသည်။ ထိုင်းဘာသာစကားဖြင့်သင်သောအတန်းပင်မဟုတ်။ အင်္ဂလိပ်လိုသင်သောအတန်းကို ရွေးခဲ့ရသည်။ ထို့ပြင် ကတိတွေလည်း ပေးခဲ့ရသည်။ နေ့တိုင်းဖုန်းခေါ်ပါမည်။ အရက်ကို တစ်ပတ်ကိုတစ်ခါမျှသာ သောက်ပါမည်။ အသက်ပြည့်မှ ကလပ်ဘာညာတက်ပါမည်။ မိန်းမများနှင့် ဟိုကိစ္စကို ရှောင်ရှားပါမည် စသည်ဖြင့်။ ထိုထဲတွင် အထူးဆန်းဆုံး ကတိမှာ အနုပညာလောကမှလူများနှင့် ရင်းနှီးအောင် မနေပါဆိုသည့်အချက်နှင့် အနုပညာလောကထဲ မဝင်ပါဟူသော အချက်ကို ကတိပေးခဲ့ရခြင်း ဖြစ်သည်။ အကြောင်းအရင်းကိုတော့ မပြော။ ဘာဖြစ်ဖြစ် ကိုယ်တက်ချင်သော တက္ကသိုလ်တက်ခွင့်ရခဲ့ခြင်းက အဓိကဖြစ်သည်။ ကျန်တာ ကျနော့်အတွက် သိပ်ပြီးကိစ္စမရှိ။ အိပ်မက်တွေနှင့် နီးစပ်လာပြီဆိုသောအသိက ကျနော့်စိတ်ကို အကောင်းဘက်မှ တွေးမိစေရန် ထောက်ပံ့ပေးထားသည်။

နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)Where stories live. Discover now