အပိုင်း က (Gulf)
အဘိုး : အိမ်းးးး ကံကြမ္မာက တကယ်ကို တားမရဘူးပဲ။ နေကြာပန်းနဲ့ နေက ခွဲလို့ မရတာ ဟိုးအရင်ကတည်းကပဲလေ။
Gulf: ခင်ဗျာ ဘာပြောလိုက်တာလဲ ဘိုးဘိုး
အဘိုး : မြေးလေး အခု နေမင်းလိုတောက်ပနေတဲ့ မျက်လုံးတွေရှိနေတဲ့ လူကလေးတစ်ယောက်နဲ့ ဆုံနေရပြီမဟုတ်လား။
Gulf: ဟုတ်… ဟုတ်ပါတယ် ဘိုးဘိုး။
အဘိုး : Gulf လေး။ ဘိုးဘိုးပြောတာတွေကို သေချာနားထောင်နော်။ Gulf လေးက နေကြာပန်းလေးလို့ ဘိုးဘိုးပြောခဲ့ဖူးတယ်မဟုတ်လား။ ဟိုလူလေးက မြေးဘဝအတွက် နေမင်းကြီးပဲ။ နေကြာပန်းဆိုတာမျိုးက နေကိုကြည့်ပြီးပဲ နေနေကြတာ။ နေဝင်ရင် သူပါ ညှိုးသွားတတ်တာမျိုး။ တစ်နေ့ နေ မရှိတော့ဘူးဆိုပါစို့။ နေကြာပန်းလေးက ဘယ်တော့မှ ပြန်မလန်းဆန်းနိုင်တော့ဘူး။
Gulf: နေ မရှိတော့ဘူးဆိုတာ ဘယ်လိုမျိုးလဲ ဘိုးဘိုး။ ဧကန္တ…
အဘိုး : ဟုတ်တယ် မြေးလေး။ သူ့နားမှာ အန္တရာယ်အငွေ့အသက်တွေချည်းပဲ ရှိနေတာ။ တစ်နေ့။ အဲ့တစ်နေ့ကျရင် သူက ပျောက်ကွယ်သွားမှာ။ မြေး မေမေ ရဲ့ အိပ်မက်အရဆိုရင် နေကြတ်တယ်ပေါ့။ ဒါကြောင့် မြေးကို အနုပညာရှင်တွေနဲ့ မရင်းနှီးအောင်နေပါ့မယ်ဆိုတဲ့ ကတိကို တောင်းထားကြတာ။ အိပ်မက်အရ နေမင်းကြီးက အနုပညာရှင်ထဲကပဲမို့ တားနိုင်သလောက် တားနေကြတာပဲ။ ခုတော့ ကံကြမ္မာကို ဘယ်သူတားနိုင်မလဲလေ။ တွေ့စရာရှိတာက တွေ့လာပြီဆိုတော့ မြေး ရှောင်ပြေးလို့ရသလို ဒီတိုင်း ရှေ့ဆက်တိုးရင်လည်း ရပါတယ်။
Gulf: ကျနော် ရှောင်လိုက်ရင် သူ့ဆီက အန္တရာယ်တွေကရော ပျောက်သွားမှာလား ဘိုးဘိုး။
အဘိုး : သူ့ဆီမှာတော့ ရှိနေဦးမှာ။ မြေးလေးကိုတော့ မသက်ရောက်တော့ဘူးပေါ့ကွယ်။
Phi Mew မှာ အသက်သေစေနိုင်လောက်သည်အထိ အန္တရာယ်တွေရှိလာနိုင်သည်ဆိုသောအသိသည် ကျနော့်ရင်ကို မွန်းကြပ်စေသည်။ စစတွေ့ချိန်တုန်းက ငိုနေ၍ မျက်လုံးရဲ့တောက်ပမှုလျော့သွားသည်ကိုပင် ကျနော့်မှာ မကြည့်ရက်နိုင်။ ဒီလိုသိသိကြီးနဲ့ ရှောင်နေဖို့ဆိုသည်မှာ ပိုတောင်ခက်ခဲသည်။ မလုပ်နိုင်ပေ။ မလုပ်ချင်ပေ။ တွေးရင်းနှင့် မျက်ရည်များကျလာသည်။ ဘေးမှာရှိနေသော Mild က ပခုံးကို ကိုင်လိုက်သောအခါ ပိုမထိန်းနိုင်တော့။ သူ့ပခုံးကိုမီကာ ငိုချလိုက်မိသည်။ ဘယ်ချိန်ကများ ထိုသူ့အပေါ် အဲ့လောက် သံယောဇဉ်ဖြစ်သွားရသလဲ ကျနော်မသိပါ။ ဆန်းစစ်ချင်စိတ်လည်း ရှိမနေတော့။ ခုချိန် ထိုသူ့ကို ကာကွယ်ချင်စိတ်သာ ရှိနေသည်။
Gulf: ဘိုးဘိုး၊ နေကြတ်တာကို ဘယ်အရာကမှ မတားနိုင်ဘူးလားဟင်
အဘိုး : နေကြာပန်းလေးကတော့ တားနိုင်ပေမယ့် ကံကြမ္မာအကုန်ပြောင်းလဲသွားလိမ့်မယ်။ ဆိုးမလား ကောင်းမလား ဘယ်သူမှ မပြောနိုင်ဘူး။
နောက်ဆက်တွဲတွေ ကျနော် မတွေးချင်။ တားနိုင်တယ်ဆိုသည်နှင့်ပင် ကျေနပ်သည်။ ကျနော်ကိုယ်တိုင်က တားနိုင်မှာမျိုးဖြစ်၍ ပိုပြီး စိတ်ချမိသည်။
Gulf: ကျေးဇူးတင်ပါတယ် ဘိုးဘိုး။ ကျနော် ပြန်လိုက်ပါဦးမယ်။
အဘိုး : Gulf မြေးလေး။ ဘာလုပ်လုပ် သေချာတွေးတောပြီးလုပ်နော်။ ငါ့မြေးရဲ့ ဆုံးဖြတ်ချက်တွေမှန်မယ်လို့ အဘိုး ယုံပါတယ်ကွယ်။
Gulf: ဟုတ်ကဲ့ပါ ဘိုးဘိုး။
ဘိုးဘိုး အိမ်မှ အပြန်လမ်းသည် အသွားတုန်းကနှင့်မတူ။ အရာအားလုံးက မှိုင်းညှို့နေသလိုလို။ တိမ်ရောင်တွေလည်း ပြောင်းနေသလိုလို။ တိတ်ဆိတ်မှုကသာ နေရာတိုင်းက လွှမ်းမိုးနေသည်။ စိတ်ရှုပ်ထွေးနေသည်ကို သိ၍လားမသိ။ Mild ကလည်း ငြိမ်နေပေးသည်။ ခေါင်းထဲတွင်တော့ ဘိုးဘိုးပြောလိုက်သော စကားများက ပဲ့တင်ထပ်နေသည်။
YOU ARE READING
နေကြာပန်းလေးရဲ့ပုံပြင် 🌻☀️ (Unicode/ZawGyi)
Fanfictionဒဏ္ဍာရီတွေထဲမှာတော့ နေမင်းကြီးက နေကြာပန်းလေးကို သတိမထားမိခဲ့ဘူးတဲ့။ နေမင်းကြီးလို တောက်ပနေတဲ့ Phi Mewကရော နေကြာပန်းလေးနဲ့တူတယ်လို့ပြောကြတဲ့ Gulf ဆိုတဲ့ ကျနော့်ကို သတိထားမိမှာလား။ ဘယ်လိုဖြစ်ဖြစ် ကျနော်ကတော့ နေကြာပန်းတို့ရဲ့ထုံးစံအတိုင်း Phi ဆိုတဲ့နေမ...