Episode(2)

38.1K 3.5K 166
                                    

မျက်လုံးအိမ်ကို စူးခနဲထိုးစိုက်လာသည့်အလင်းရောင်။ လှုပ်ရှားသံတစ်ချို့ပါ တဆက်တည်းကြားလိုက်ရတာမို့ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ရသည်။ အဲ့ဒါ ဟိုကောင်လေး။

"မင်း!"

လိုက်ကာစတွေကို လိုက်ဖွင့်နေတဲ့ကောင်ကို လက်ညိုးထိုးပြီး ထဖို့ပြင်လိုက်ပေမယ့် ခေါင်းထဲမူးဝေအုံခဲနေတာမို့ အိပ်ရာပေါ်လက်တစ်ဖက်ထောက်လို့ နားထင်ကိုပါ ဖိထားမိသည်။

"ခင်ဗျားနေမကောင်းဘူး"

မင်းအပူမပါဘူးလို့ ပြောချင်ပြန်ပေမယ့် လည်ချောင်းတွေကခြောက်သွေ့နာကျင်နေသည်။ တစ်ခုခုကြပ်ခဲဆို့ပိတ်နေသလိုမျိုး ဘာမှပြောမထွက်။ အောက်သိုးသိုးမှိုနံ့ထွက်နေတဲ့အခန်းထဲမှာ မွှေးရနံ့သင်းသင်းထွက်နေတဲ့လူတစ်ယောက် သူ့ဘေးနားဝင်ထိုင်လာတော့ လည်ချောင်းဝမှာ တင်းကြပ်နေတာတွေတောင် လျော့သွားသလိုဖြစ်၏။ နဖူးပေါ်ရွယ်လာတော့မယ့်လက်ကို ရိုက်ထုတ်ပစ်လိုက်မိသည်။

"မင်းသွား!"

သူ့အသံကသိပ်မထွက်နိုင်။ မနေ့ညက ပြတင်းပေါက်ဖွင့်ပြီး မိုးအေးအေးနဲ့ ဝီစကီလက်ကျန်ကိုဖြိုပစ်လိုက်တာ မနက်ကျတော့ သူပြိုကျနေရသည်။

"အမဲသားနဲ့ချက်ထားတဲ့ အာလူးကြက်သွန်စွပ်ပြုတ် ယူလာတယ်။ နည်းနည်းစားပြီး ဆေးသောက်လိုက်ပါ"

တင်းခဲနေတဲ့မျက်လုံးတွေကို အားယူဖွင့်ကြည့်ရသည်။ သူနဲ့နီးနီးကပ်ကပ်မှာထိုင်ပြီး ပန်းကန်လုံးကိုကိုင်လို့ မွှေနေတဲ့လူကို သူမြင်ရသည်။ နောက်တော့ အာလူးစွပ်ပြုတ်ဆိုတာကို တစ်ဇွန်းခပ်ပြီး နှုတ်ခမ်းနားလာထိုးပေး၏။ ထပ်ပြီးပုတ်ချလိုက်မလို့ပေမယ့် တစ်ဖက်လူရဲ့အပြုအမူက ပိုမြန်သည်။ အာလူးစွပ်ပြုတ်ရဲ့ နွေးနွေးချိုချိုအရသာက သူ့နှုတ်ခမ်းပေါ်လေးထိတာတောင် ချိုမြိန်သွားရသည်။ သူဒီလိုအရသာတွေကို မစားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ စဉ်းစားလို့တောင်မရနိုင်တော့။ ပေါင်မုန့်ကြမ်း၊ ချိစ်၊ ဝီစကီ၊ ဘီယာ ဒါတွေနဲ့ပဲ သူနှစ်ပါးသွားနေတာ နှစ်ဝက်တောင်ကျော်တော့မလား။ ဟန်ဆောင်ပန်ဆောင်တောင် မငြင်းနိုင်တော့ဘဲ ပန်းကန်လုံးကိုယူပြီး သူ အငမ်းမရ မော့ချပစ်လိုက်မိသည်။

မင်းအတွက်Where stories live. Discover now