Episode(11)

23.5K 2.9K 353
                                    

ကိုကိုက ဦးတည်ရာမဲ့တိုးဝှေ့တတ်တဲ့လေပြည်နဲ့တူတဲ့လူမျိုး။ အဲ့အချိန်ခဏလေးအတွင်း လီယမ်သတ်မှတ်ခဲ့မိတာဖြစ်သည်။ ရှိနေတာသိပေမယ့် ဖမ်းဆုပ်ချုပ်ကိုင်ထားလို့မရဘူး။ ဒါပေမယ့် လူတစ်ဖက်သားရဲ့ ခံစားချက်တွေအမျိုးမျိုးဖြစ်အောင် လုပ်နိုင်တဲ့ ပါးလျတဲ့အကောင်အထည်။ ခန္ဓာကိုယ်ရဲ့ ပူခြင်း၊ အေးခြင်းမှစလို့ စိတ်ရဲ့ခုန်လှုပ်ငြိမ်သက်ခြင်းတွေအထိ ရိုက်ခတ်ကျီစယ်တတ်တဲ့ လေပြည်လေညှင်း။ ဘယ်အရပ်ကလာလို့ ဘယ်ဒေသကိုဖြတ်သန်းခဲ့ပြီး ဘယ်အရပ်ကိုဦးတည်မယ်မှန်းလည်းမသိ။ အဲ့လိုပဲ ဘယ်အချိန်မှာ ပြင်းထန်တဲ့ လေပွေအဖြစ်ပြောင်းလဲသွားမလဲဆိုတာကိုလည်း မသိနိုင်။

အခုလည်း ဒီလိုပဲ။ မျက်လုံးတွေမှိတ်မိသွားတဲ့ လီယမ့်ဝန်းကျင်မှာ ရယ်သံခြောက်ကပ်ကပ်ထွက်ကျလာသည်။ နှုတ်ခမ်းတွေက ပုံပျက်သွားခြင်းမရှိ။ ပင်လယ်ဘက်က ရေခိုးရေငွေ့နဲ့ သဲကန္တရက အမှုန်အမွှားတွေကို စုပေါင်းသယ်ဆောင်လာတဲ့လေပွေကြောင်းတစ်ခုလိုပဲ။ ကိုကို့မျက်လုံးတွေကတော့ ဒီလေပွေကြောင်းရဲ့အလည်ဗဟိုဆုံချက်။ အရာရာကိုပွတိုက်သယ်ဆောင်ဖျက်ဆီးသွားတော့မည့် အင်အားပြင်းဝဲဂယက်နက်နက်။ လီယမ့်နဖူးကို လက်ညှိုးနဲ့ခပ်နာနာထိုးချသည်။ လီယမ့်ခေါင်းလည်ကျသွားပေမယ့် ခန္ဓာကိုယ်ကိုတုပ်တုပ်မလှုပ်နိုင်။ ကိုကိုက လီယမ့်နောက်က ထမင်းစားခုံကိုလက်ထောက်ထားပြီး နှစ်ယောက်သားရင်ဘတ်တွေနီးကပ်နေသည်။

"မဟုတ်ဘူး"

ဒီခဏချင်းမှာပဲ ဦးတည်ချက်ပြောင်းသွားပုံရတဲ့အတွေးတွေကို ကိုကို့မျက်ဝန်းတွေထဲ တွေ့လိုက်ရသည်။

"ငါ့ကိုနမ်း"

နှုတ်ခမ်းတစ်ဖက်တည်းတွန့်ပြီးရယ်ပြန်သည်။ ကိုကိုက လီယမ့်ကိုစနောက်ရတာကြိုက်ပုံရ၏။ လီယမ် အံ့ဩသွားတိုင်း၊ လီယမ်ငြိမ်သက်သွားတိုင်း လီယမ့်ကိုဆန့်ကျင်ဘက်လမ်းကြောင်းတွေပေါ်ဆွဲတင်တတ်သည်။ လီယမ် ခေါင်းခါပြုံးပြရင်းနဲ့ ကိုကို့ရင်ဘတ်ကိုတွန်းပြီး နေရာကရှောင်ထွက်ဖို့ပြင်လိုက်သည်။

"ကိုကိုက စပြန်ပြီ"

လီယမ်လှည့်လိုက်တာနဲ့ ကျောပြင်တစ်ခုလုံးက နွေးထွေးတဲ့ခန္ဓာကိုယ်ရဲ့နှစ်မြှုပ်ခြင်းခံရတော့သည်။ လီယမ့် ခါးနဲ့လည်တိုင်ကနေဆွဲဖက်ပြီး ကိုကို့ခေါင်းက လီယမ့်ပုခုံးပေါ်ရောက်လာသည်။ လီယမ့်ခန္ဓာကိုယ်တုန့်ပြန်မှုတွေ ယောက်ယက်ခတ်ကုန်၏။

မင်းအတွက်Where stories live. Discover now