ညကအနက်ရောင်ရင့်ရင့်။ စိမ့်နေအောင်ယိမ်းထနေတဲ့ လေကြောထဲ ဝဲလွင့်သွားတတ်တဲ့ မီးခိုးငွေ့တို့ကထုနဲ့ထည်။ ငြိမ်သက်နေတဲ့လူတစ်ယောက်ကို ငေးကြည့်နေရုံနဲ့ မွန်းကြပ်လာရတဲ့ ခံစားချက်က လီယမ့်အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်သည်။ ရဲခနဲကြွေကျသွားတဲ့ စီးကရက်မီးစနဲ့ မြင်နေရတဲ့ ဘေးတစောင်းမျက်နှာက စီကရက်မီးခိုးငွေ့တို့ကြောင့်လား မှိုင်းညို့ရီဝေနေတယ်လို့ လီယမ်ထင်သည်။ ကိုယ်တိုင်ရှိုက်ဖွာနေတာမဟုတ်ဘဲလည်း လီယမ် အသက်ရှုကြပ်၏။ ကိုကို ဘာတွေဖြစ်ခဲ့တာလဲ။ လီယမ်ခေါင်းထဲမှာတော့ ဒီမေးခွန်းအပိုင်းအစတွေသာ ပြေးလွှားနေသည်။
ကိုကိုဆွဲကိုင်လှုပ်ခဲ့သည့် လည်ပင်းကနာသည်။ ကိုကို့လက်ရောနာနေလောက်မလား။ စီးကရက်ငွေ့တွေကို ပြင်းရှရှရှိုက်သွင်းနေတဲ့ အဲ့ဒီရင်ဘတ်ထဲမှာရော တစ်စုံတစ်ခုကြောင့် နာကျင်နေတာလား။ ဒီတစ်ကြိမ် လီယမ်တားနိုင်ခဲ့ပေမယ့် အဲ့ဒီအသိစိတ်မကပ်တဲ့ခန္ဓာနဲ့ ကိုကိုက ဘယ်အချိန်ထွက်သွားဦးမလဲဆိုတာ မသိနိုင်။ ပါးရိုးတွေထင်းနေတဲ့ မျက်နှာချောင်ချောင်ရော၊ အဆစ်အပေါက်တွေပေါ်နေတဲ့ လက်ချောင်းတွေကြောင့်ရော ကိုကို့ပုံစံကတကယ်ကို မွန်းကြပ်စရာဖြစ်နေခဲ့၏။ အနက်ရောင်ဖုံးအုပ်ထားတဲ့ကောင်းကင်ကိုငေးနေတဲ့ မျက်လုံးတွေရဲ့အတွေးက မိုင်ပေါင်းထောင်ချီကနေပြုတ်ကျလာနေတဲ့ ကြယ်စုအစိတ်အပိုင်းနဲ့တူသည်။ နီးကပ်နေတယ်လို့ထင်ရပေမယ့် အဝေးကြီးမှာ ရောက်နေတဲ့ဖြစ်တည်မှု။
မှန်တံခါးကိုမှီပြီးထိုင်နေမိကြသည့် လီယမ်တို့ကြားလေအေးအေးတွေ ပြေးတိုက်သည်။ လီယမ်ကိုယ်ပေါ်က စောင်အပါးကို ကိုကို့ပုခုံးပေါ်ခြုံပေးပြီး ခန္ဓာကိုယ်ချင်းထိကပ်ထားလိုက်သည်။ အဝေးကိုပြေးနေတဲ့ကိုကို့စိတ်တွေ လီယမ့်ဆီရောက်မလာခဲ့။ ကိုကို ဒီညအိပ်မယ့်ပုံမပေါ်။ ကိုကို့ကိုထားခဲ့ဖို့လည်း လီယမ် စိတ်မချ။ လီယမ် ကောလိပ်ကပြန်ရောက်ပြီး ကိုကို့ကို ပထမဆုံးလာနှုတ်ဆက်ဖြစ်တဲ့နေ့ကိုအမှတ်ရသည်။ အဲ့နေ့တုန်းက လီယမ့်အတွက် ဒက်ဒီနဲ့ဖေဖေကချောကလက်ကိတ်လုပ်ထားလို့ မမြင်ဖူးသေးတဲ့ဘေးအိမ်ကလူကိုနှုတ်ဆက်မယ်ဆိုပြီး လီယမ်ချောကလက်ကိတ်လာပေးတာ။ လီယမ်ရောက်လာတဲ့အချိန်မှာ ကိုကိုက အဖျားတွေတက်ပြီး သတိလစ်ခါနီးအခြေအနေ။ ကိုကို့အသုံးအဆောင်၊ အနေအထိုင်တွေကိုကြည့်ခြင်းဖြင့်တော့ ကိုကိုကချို့တဲ့သူမဟုတ်မှန်းသိသာပါသည်။ ဒါဆို ဒီလိုနေရာမှာတစ်ယောက်တည်း လာနေရလောက်အောင် ကိုကိုဘာတွေဖြစ်ခဲ့လို့လဲ။ အသက်ကိုခပ်ဆောင့်ဆောင့်ရှိုက်ထုတ်မိတာလည်း ကိုကိုနဲ့မှအကြိမ်ကြိမ်။