Episode(8)

21.8K 2.9K 286
                                    

လီယမ့်ရဲ့ဝိုင်းသွားတဲ့မျက်ဝန်းတွေကြောင့် သူဟက်ခနဲရယ်ပစ်လိုက်သည်။

"လူတစ်ယောက်က သူ့အတွက် တစ်ခုခုမရဘဲနဲ့တော့ စွန့်စားတာမျိုး မလုပ်နိုင်ပါဘူး။ အသီးစားချင်လို့ အပင်စိုက်တာ၊ နွားနို့သောက်ချင်လို့ နွားမွေးတာ၊ ပိုက်ဆံလိုချင်လို့ အလုပ်လုပ်တာ၊ မင်းအဖေက မင်းဒက်ဒီကို လိုချင်လို့ မိသားစုကိုစွန့်ပစ်ခဲ့တဲ့ကောင်ပဲလေ။ မင်း ဒီအရက်ကိုသောက်လိုက်တယ်ဆိုရင် အဲ့ဒါ ငါဆံပင်ညှပ်တာကို မြင်ချင်လို့ အလဲအထပ်လုပ်တာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဒီဘရန်ဒီတစ်ပုလင်းလုံး ကုန်အောင်သောက်မယ်ဆိုရင်တောင် ငါက ဆံပင်ညှပ်ချင်မှညှပ်မှာ"

မော့သောက်ဖြစ်လိုက်တဲ့ဘရန်ဒီအရည်တွေက သူ့နှုတ်ခမ်းထောင့်ကနေ လျှံတက်ပြီး မေးစေ့လည်တိုင်တစ်လျှောက် စီးကျကုန်၏။ လီယမ် သူ့ကိုငေးကြည့်နေပြန်သည်။ သေချာတယ် လီယမ်က ဒီအရက်ကိုသောက်မှာ။ ဆယ်ကျော်သက်တွေက မလုပ်နဲ့လို့ပြောတဲ့အရာတွေကို သိပ်လုပ်ချင်တာ သူသိတာပေါ့။ ပြီးတော့ လီယမ့်မျက်ဆံအိမ်ထဲမှာမြင်ရတဲ့ သူ ဆံပင်ညှပ်ဖို့မျှော်လင့်နေတဲ့ဆန္ဒတွေရော။ သူ့အဖေကိုပါ ဆွဲထည့်ပစ်လိုက်ပြီးမှတော့ လီယမ်က မသောက်ဘဲနေမှာကိုမဟုတ်တော့ဘူး။

"ငယ်ငယ်တုန်းက မီးပြတိုက်ဘက်ကို ခဏခဏသွားဖြစ်တယ်။ အော်စတင်ရယ်၊ နောက်ဒေလီယာနဲ့ ဂျော့ဆိုတဲ့သူငယ်ချင်းချင်းနှစ်ယောက်လည်းပါတယ်။ ကိုကိုနဲ့ မနေ့ကသွားတဲ့ မီးပြတိုက်လေ။ ဘာလို့ရယ်တော့မဟုတ်ဘူး။ လိုချင်တာတွေကို စာရွက်ပိုင်းမှာချရေး ပုလင်းထဲထည့်ပြီး မျှောခဲ့ကြတာ။ အဲ့လိုလုပ်ရင် ဆုတောင်းတွေပြည့်တယ်ဆိုလို့လေ။ ဒါပေမယ့် အဲ့အချိန်တည်းက သိခဲ့တယ်သိလား ကိုကို။ ဆန္ဒဆိုတာမျိုးက ပုလင်းထဲခေါက်ထည့်ပြီး ပင်လယ်ထဲမျှောလိုက်ရုံနဲ့ ပြည့်ဝသွားမှာ မဟုတ်ဘူးဆိုတာပေါ့။ အဲ့ထက်အရေးကြီးတာက သူငယ်ချင်းတွေနဲ့အတူတူရှိခဲ့တယ်ဆိုတဲ့အချိန်၊ ဒီလိုလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ အမှတ်တရ။ အကျိုးအမြတ်ဆိုတာထက်ပိုပြီး တန်ဖိုးရှိတာတွေကို တည်ဆောက်ခဲ့ကြတာ။ ဒက်ဒီ့ကြောင့် မိသားစုကိုစွန့်ပစ်ခဲ့တယ်ဆိုရင်တောင် ဖေဖေက ပတ်ဝန်းကျင်ကိုမဖျက်ဆီးခဲ့ဘူး ကိုကို"

မင်းအတွက်Where stories live. Discover now