Episode(7)

22.3K 2.9K 481
                                    

သူ ပိတ်ချလိုက်သည့် လိုက်ကာစတွေကို လီယမ်က ချက်ချင်းပဲ ဆွဲဖွင့်လာခဲ့သည်။

"ကိုကို...ဒါ လီယမ့် သူငယ်ချင်း အော်စတင်လေ"

တေ့တေ့ဆိုင်ဆိုင် လှည့်မကြည့်ပေမယ့် အော်စတင်က သူ့ကိုကြည့်နေမှန်းသိသည်။ လူတွေရဲ့ မျက်လုံးတွေကို သူမုန်းသည်။ အထူးသဖြင့် ဒီကောင်ဘာကောင်လဲဆိုပြီး စူးစမ်းသည့်အကြည့်မျိုးတွေ။ သူ လိုက်ကာစတွေချလိုက်တယ်ဆိုတည်းက သူစိမ်းတွေနဲ့ မပတ်သက်ချင်လို့မှန်း လီယမ်ဆိုတဲ့ကောင်က မသိဘူးလား။ စီးကရက်ကိုဖိခဲထားရင်း သူ့မေးရိုးတွေတင်းကုန်ရသည်။

"ကိုကို..."

လီယမ့်ရဲ့နောက်တစ်ကြိမ်ခေါ်သံ။ အော်စတင်ဆိုတဲ့ကောင်က သူ့မျက်လုံးတွေကို မမြင်နိုင်ပေမယ့် သူကတော့ အော်စတင့်စိတ်ကိုမြင်လိုက်ရသည်။ စီးကရက်ကိုကိုက်လျက်သားနဲ့ ခပ်တွန့်တွန့်ပြုံးမိလိုက်သည်။ အော်စတင်က လီယမ့်နားကပ်ပြီး ပုခုံးပေါ်လက်တင်လိုက်တာကိုး။ စကားပြန်မပြောတဲ့သူ့ကြောင့် လီယမ်က အခက်တွေ့သွားပုံပင်။

"အော်စတင်က စာအုပ်ဆိုင်သွားဖို့ လာခေါ်တာလေ။ ကိုကိုရော လိုက်ချင်လား"

အော်စတင်က လီယမ်ပြောနေတာတွေကို နားမလည်ပေမယ့် စကားပြောနေတာကို အသေအချာလိုက်ကြည့်၏။ လီယမ် ပြုံးနေရာကနေ ခပ်မဲ့မဲ့တောင်ဖြစ်သွားသည်။ သူ့ကြောင့် အော်စတင့်ကို အားနာသည့်ပုံ။

"ဒါဆို လီယမ်လိုက်သွားလိုက်ဦးမယ်နော် ကိုကို"

ပုခုံးပေါ်က အော်စတင့်လက်ကို ဖယ်ချပြီး လီယမ်က နောက်လှည့်သွားသည်။ သူ့ခြေသလုံးလောက်အမြင့်ရှိတဲ့မွေ့ယာစွန်းကို အသံမြည်အောင်ကန်ချလိုက်၏။

"အ!"

"ကိုကို!"

ဆိုဖာပေါ်ပစ်လဲသွားတဲ့ သူ့အနား လီယမ် အပြေးရောက်လာသည်။

"ဘယ်လိုဖြစ်ရတာလဲ ကိုကိုရာ။ ဒဏ်ရာကို ထိသွားတာလား။ ဟုတ်လား။ လီယမ် ကြည့်ပေးမယ်"

"ဖယ်စမ်းပါ"

သူ ခပ်ဆတ်ဆတ်ငေါက်ပစ်လိုက်သည်။ လီယမ်က သူ့ရဲ့ မီးခိုးရောင်ချည်ဘောင်းဘီကို ခြေဝကနေ လိပ်တင်ပြီး ပျာယာခတ်နေခဲ့၏။ ဆိုဖာဘက် မျက်နှာလှည့်ပြီး သူပြုံးလိုက်မိသည်။ အော်စတင်က ဘာလုပ်ရမှန်းမသိဘဲ ဘေးမှရပ်နေခဲ့သည်။ လူတွေက လိုချင်တာတွေ မရလေ အဲ့အရာအပေါ်မှာ တမ်းတမ်းစွဲလေတဲ့။ အရူးအမူးဖြစ်လာတဲ့အချိန်ကျမှ ဖြတ်တောက်ပစ်လိုက်ကြည့်။ အရှုံးကိုရင်ဆိုင်ရတဲ့အဲ့လူရဲ့နာကျင်ကြေကွဲနေမယ့် မျက်နှာကို မြင်ရတာ ဘယ်လောက်တောင် အရသာရှိလိမ့်မလဲ။ အတွေးနဲ့တင် သူ့ဘဝင်က လှိုက်ခုန်နေပြီ။ အခုလည်းဒီလိုပဲပေါ့။ လီယမ်နဲ့လမ်းထွက်ချင်တဲ့ အော်စတင့်ဆန္ဒကပျက်စီးသွားရပြီ။ လီယမ်ကတော့ အလိုက်မသိခြင်းအတွက် သူ့အပြစ်သူခံရလိမ့်မည်။

မင်းအတွက်Where stories live. Discover now