"Welcome Home! Ah..."
သူ့ကိုကြည့်ပြီး အဲရစ်က ဦးတည်ခေါ်စရာမရှိလို့ ဆွံ့အသွားရပုံ။ သူ လက်ကမ်းပေးပြီး မိတ်ဆက်လိုက်ရ၏။
"Joseph"
"Joseph..."
အဲရစ်ကအပြုံးတွေနဲ့ သူ့နာမည်ကို ရေရွတ်သည်။ ဒေးဗစ်ရဲ့အကြည့်ကတော့ အဏ္ဏဝါနဲ့ လီယမ်ရဲ့ တွဲထားတဲ့လက်တစ်စုံဆီမှာ။ လီယမ်က မော့ကြည့်ပြီးပြုံးအပြမှာ အဏ္ဏဝါ့လက်ထဲက လီယမ့်လက်ဖဝါးလေးကို တင်းတင်းဆုပ်လိုက်မိသည်။ ဘဝမှာ ပထမဆုံးရင်ဆိုင်ရမည့် စာမေးပွဲတစ်ခုလို ခံစားနေရသည်။ သေချာပေါက် အောင်မှဖြစ်မယ့် စာမေးပွဲ။ သူနဲ့မသက်ဆိုင်ဖူးခဲ့တဲ့ မိသားစုဆိုတဲ့အသိုက်အမြုံလေးကို သူ ခြေချဖို့သတ္တိနည်းပါးနေသည်။
"အထဲဝင်ပါ။ အားမနာနဲ့။ အခုမှ သိတဲ့သူတွေမှမဟုတ်တာ"
"ဝင်ရအောင်လေ ကိုကို"
တစ်ကြိမ်တစ်ခါမှခြေချဖူးခြင်းမရှိတာတောင် အပြာတွေခြယ်ထားတဲ့ ဧည့်ခန်းလေးက နွေးထွေးစွာကြိုဆိုနေသည်။ လီယမ့်ထပ်ခိုးခန်းလေးထက် အရောင်ဖျော့တဲ့အပြာလွင်လွင်လေးနဲ့ မီးလင်းဖိုကိုခြံရံထားတဲ့ ဆိုဖာဆက်တီတို့ကလည်း အပြာရောင်အတွဲအစပ်တွေပါပဲ။ နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံအကြီးအသေးတွေထဲမှာတော့ သူ့လက်ကိုတင်းတင်းကိုင်ဆွဲထားတဲ့ အပြုံးတွေနဲ့ကောင်လေးရှိနေခဲ့သည်။ မတူကွဲပြားပြောင်းလဲသွားတာမျိုးမရှိဘဲ မျက်လုံးဝိုင်းဝိုင်း၊ ပါးချိုင့်နက်နက်တို့နဲ့ လီယမ်က ရုပ်သေဓာတ်ပုံထဲမှာတောင် အပြုံးတွေနွေးထွေးနေ၏။
"ဒါ လီယမ် primary စတက်တဲ့နေ့က ရိုက်ထားတဲ့ပုံ၊ ဒါက အလယ်တန်းလေ။ ဒါက စက်ဘီးစီးစသင်နဲ့နေ့တုန်းက ဒူးပြဲသွားတဲ့ပုံ"
"လီယမ်...Joe ကိုထိုင်ခိုင်းလိုက်ပါဦး"
"ဟီး...ဟုတ်ကဲ့ ဖေဖေ။ ကိုကို ထိုင်နော်။ ပုံတွေက အများကြီးရှိသေးတယ်။ နောက်မှ ကိုကို့ကိုပြရဦးမယ်"
အဲရစ်က လင်ဗန်းတစ်ချပ်နဲ့ နွားနို့ခွက်တွေသယ်လာရင်း ပြောသည်။ လီယမ်က သူ့လက်ကိုမဖြုတ်ဘဲ အိမ်ရှင်လေးလုပ်နေ၏။