Episode(3)

26K 3.1K 164
                                    

ရေတစက်စက်ကျနေတဲ့ ရေစိုအဝတ်တွေကိုချွတ်ပြီး ရေချိုးခန်းကြမ်းပြင်မှာပုံချလိုက်သည်။ ရေစိုနေတဲ့ဆံပင်ကို အကုန်သိမ်းလှန်တင်ထားမိတဲ့မျက်နှာက ရေချိုးခန်းမှန်နံရံမှာပေါ်နေခဲ့သည်။ မရိတ်သင်တာကြာပေမယ့် ကျိုးတို့ကျဲတဲ နှုတ်ခမ်းမွှေး၊ မုဆိတ်မွှေးတို့ကြောင့် သူ့မျက်နှာကကြမ်းရမ်းနေပုံထင်ရသည်။ အမှန်တကယ်လည်း အတွင်းစိတ်အခြေအနေတွေက နူးညံ့မနေ။ လေစိမ်းရောတဲ့မိုးထဲ လမ်းလျှောက်လာရတာကြောင့် ရေနွေးနွေးနဲ့ ရေထပ်ချိုးလိုက်ရသည်။

ခေါင်းစွပ်စွယ်တာနဲ့ ဘောင်းဘီအထူဝတ်ထားတာတောင် အချမ်းကမပြေချင်။ ဒီရောက်တည်းက တစ်ခါမှမသုံးဖြစ်တဲ့ ရေနွေးအိုးကို ပလပ်ထိုးပြီး ရေနည်းနည်းကြိုလိုက်ရသည်။ ရေနွေးရလာပေမယ့် တစ်ခုခုဖျော်သောက်စရာလည်းမရှိ။ အိမ်အပြင်ကမိုးကလည်း လေအပင့်နဲ့သည်းကြီးမည်းကြီး ရွာနေသည်။ ဒီပုံအတိုင်းဆို သူ ဝယ်ထားတဲ့ပစ္စည်းတွေကိုလည်း လာပို့ဦးမှာမဟုတ်။ ခြံထဲက သစ်ပင်ကြီးတွေရဲ့ အကိုင်းအခက်အလက်တွေ အိမ်အမိုးပေါ် ရိုက်ခတ်ပွတ်ဆွဲလာတတ်တဲ့ ဆူညံသံတွေက မိုးစက်သံတွေနဲ့ ရောနေသည်။ အိပ်ရာပေါ်မတက်ဘဲ လိုက်ကာစအမည်းတွေကို နည်းနည်းဟလိုက်ပြီး dreambed ပေါ်လှဲလျောင်းဖြစ်၏။ လက်ထဲမှာ ရေနွေးဖြူတစ်ခွက်နဲ့ လေနဲ့မိုးထင်တိုင်းကြဲခံနေရတဲ့ လောကတစ်ခွင်က ငေးချင်စရာဖြစ်နေခဲ့သည်။

သူ့အခန်းထဲ နာရီမရှိ။ သူ့ဆီမှာတော့ မရှိမဖြစ်အနေနဲ့ အိပ်ဆောင်ကြိုးနာရီတစ်လုံး ဆောင်ထားရသည်။ နေရောင်နဲ့လရောင်ကိုကြည့်ပြီး အချိန်ကိုခန့်မှန်းဖြစ်၏။ နာရီလက်တံနှစ်ခုရဲ့ရွေ့လျားသံက သူ့ရပ်တည်မှုကိုခြိမ်းခြောက်သလို ခံစားရစေသည်။ အချစ်မရှိ၊ မေတ္တာမဲ့၊ နွေးထွေးမှုကင်းတဲ့ဘဝ။ အရာအားလုံးကို အဆုံးသတ်စေချင်အောင် တွန်းပို့နေတဲ့အသံလို့ သူခံစားရသည်။ ဒါ့ကြောင့် နာရီတွေကိုစွန့်ပစ်ခဲ့တာ အဲ့ဒီအချိန်ကတည်းက။

ပတ်ဝန်းကျင်တစ်ပြင်လုံးပြန်ငြိမ်သက်သွားချိန်မှာ အပြင်ဘက်ကလမ်းမီးတိုင်တွေပင် လင်းနေပြီ။ ရေနွေးတစ်အိုးလည်း အပြောင်အစင်။ အစာအိမ်ထဲက ကုတ်ခြစ်သံတွေကို သူကြားလာရသည်။ စားစရာဆိုလို့ ပေါင်မုန့်တစ်ဖဲ့တောင် မရှိတော့။ mini mart ဆိုင်ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်တော့ရှိလိမ့်မည်။ ဆက်သွယ်စရာမဲ့နေတာက သူ့ဆီမှာ။ သူ့ဆီမှာ ဆက်သွယ်ရေးပစ္စည်းတွေတစ်ခုမှမရှိ။ ဆက်သွယ်စရာမိသားစုလည်း မရှိ။ နာကျင်လာမိတိုင်း ခပ်ထေ့ထေ့ပြုံးတတ်တာ အကျင့်ဖြစ်လာရသည်။ ဒါနဲ့ပဲ Bob ဆိုင်ကို နောက်တစ်ခေါက်သွားဖို့ တံခါးမကြီးဆီလျှောက်ပြီး လက်ကိုင်ကိုဆွဲဖွင့်လိုက်သည်။

မင်းအတွက်Donde viven las historias. Descúbrelo ahora