အလွမ်းတွေမှာအရောင်ရှိတယ်ဆိုရင် လီယမ်ခံစားရတဲ့အလွမ်းရဲ့အရောင်က အဖြူကိုအခြေခံမည်ထင်သည်။ အဖြူရောင်ပေါ်ဖြတ်ပြေးနေတဲ့စိတ်ရဲ့အာရုံတွေမှာ အရိပ်အမျိုးမျိုးပုံပေါ်နေကြ၏။ ဖြူစွတ်စွတ်နှင်းခဲတွေက နေမတိုးအောင်ထူပိန်းနေတဲ့ ဒွန်နဂယ်ရဲ့ကောင်းကင်ထုကြောင့် ရေခဲဖြစ်ချင်သည်အထိ ငြိမ်သက်နေကြသည်။ ခရစ်စမတ်ရဲ့တေးသံချိုတွေက လီယမ့်အတွက်တော့ တွေးရင်းဆွေးစရာ။ ငယ်ငယ်တုန်းကတော့ ခရစ်စမတ်သစ်ပင်မှာ ခြေအိတ်၊ လက်အိတ်နဲ့ ကားရုပ်၊ မြင်းရုပ်သေးသေးလေးတွေကို လီယမ် အားကြိုးမာန်တက်ချိတ်ခဲ့ဖူးသည်။ အခုတော့ မီးလုံး၊ မီးပွင့်လေးတွေချည်း သီးသန့်အလှဆင်တာတောင် ဒက်ဒီနဲ့ဖေဖေလုပ်ထားပေးလို့။
ပြန်ရောက်ကာစနေ့ပဲ လီယမ်လန်းလန်းဆန်းဆန်းရှိလိုက်ပြီး နောက်တစ်နေ့မနက်နိုးထချိန်မှာ ဟာနေတဲ့ရင်ဘတ်ကလူကိုနှိပ်စက်တော့သည်။ ရုပ်မမြင်ရရင်တောင် အသံလေးမှမကြားရ။ လူမရှိတဲ့အိမ်လေးဘက် လီယမ်သွားခွေနေရတဲ့အထိ သတိရစိတ်က လူကိုထုထောင်းနေသည်။ ခရစ်စမတ်နေ့တစ်ရက်လုံး ဘုရားကျောင်းမှာနေပြီး ဓမ္မတေးတွေကြားထဲ လူကစိတ်သက်သာရာရတယ် ထင်ခဲ့ပေမယ့် လီယမ်အခန်းလေးထဲပြန်ရောက်တော့ နဂိုအတိုင်း လွမ်းရဆဲ။ ဖေဖေတောင် ထုတ်မေးလာရတဲ့အထိ လီယမ်မှိုင်တွေငေးနေမိခဲ့ပုံပါပဲ။ ဒီပုံစံအတိုင်း New Year အထိ ဘယ်လိုများတောင့်ခံရပါလိမ့်မလဲ။
နောက်တစ်နေ့တော့ လီယမ့်အခန်းထိ အော်စတင်ရောက်ချလာပြီး လီယမ့်ကိုအခန်းပြင်ဆွဲထုတ်တော့သည်။ နှင်းရိုက်ထားတဲ့မြက်ခင်းစိုစိုတွေက အေးစက်နေသည်။ အိမ်တွင်းစီးဖိနပ်တစ်ရံနဲ့ မြက်ခင်းတွေကိုဖြတ်နင်းသွားတဲ့ ခြေထောက်တစ်စုံက လီယမ့်ရင်ဝကိုပါ အလွမ်းနဲ့အတူ နင်းခြေခဲ့ပါသည်။ မီးပြတိုက်အခြေက ရေပြင်တစ်လျှောက် ရေခဲလွှာပါးပါးနဲ့ဖွေးနေတာကိုငေးရင်း စီးကရက်အတိုတွေပစ်ချတတ်တဲ့လက်ချောင်းသွယ်တွေက မျက်လုံးထဲရောက်လာပြန်၏။ မထိတထိနိုင်တဲ့အပြုံးတွေပေါ် ဆောင်းလေတွေသာဖြတ်ရိုက်သွားရင် ဘယ်လောက်ထိအေးစက်စက်နိုင်နေလိမ့်မလဲ။ ဒါကိုက လီယမ့်အတွက်တော့ ငေးကြည့်ချင်စရာမှော်ဝင်ပန်းချီကားတစ်ချပ်ဖြစ်နေဦးမှာ အသေအချာ။ အလွမ်းဆိုတာ ဥတုလေးပါးမရွေး ဖောက်လွဲဖောက်ပြန်ပြုတတ်သည့် ရင်ထဲကရာသီလား။