"ကိုကို မလာနဲ့!"
"လီယမ်...ဘယ်လိုဖြစ်နေတာလဲ! ကိုယ် တကယ် စိတ်ဆိုးမိတော့မယ်"
မျက်ခမ်းစပ်တွေနီရဲပြီး အပူကြောင့်မျက်ရည်တွေဝပ်နေတဲ့မျက်နှာလေးနဲ့ လီယမ့်ကို သူတကယ် ကိုင်လှုပ်ပစ်ချင်လာတာ။ ကမ္ဘာ့အရှေ့နဲ့အနောက် အပူချိန်ကွာခြားချက်နဲ့ အစားအသောက်အနေအထိုင်ပြောင်းသွားတဲ့အပေါ် လီယမ်တစ်ယောက် လိုက်လျောညီထွေမဖြစ်ဘဲ ပုဂံရောက်ပြီး နောက်တစ်ရက်ပဲ အဖျားဝင်တော့တာဖြစ်သည်။ မိုးမိပြီး ပင်ပန်းသွားတာတွေလည်း ပါမှာပေါ့။ သူ နိုးလာတော့ လီယမ်က ကုတင်ပေါ်မှာမရှိ။ ဆိုဖာပေါ်ကွေးပြီး အဖျားတွေတက်နေတာ ကိုကို့ကိုကူးမယ်ဆိုပြီး သူ့ကိုအနားလည်းကပ်မခံ။ တကယ် တစ်ခါတစ်ခါကျတော့လည်း ဒီကောင်လေးကို နာအောင်ထုပစ်လိုက်ချင်သည်။ နေထိုင်မကောင်းတာကို အခွင့်အရေးလို့မှတ်ယူပြီး သူ့အပေါ်အားကိုးမှီတွယ်ရကောင်းမှန်းလည်း သိပုံမပေါ်။
ယောက်ျားလေးချင်းဆိုတာတွေ ခဏခေါက်ထားပြီး အသက်အရွယ်ကွာဟမှုနဲ့ပဲတွက်မယ်ဆိုရင်တောင် ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဘောင်အတွင်းမှာပဲလေ။ ဆေးခန်းသွားမယ်ဆိုတော့လည်း ခေါင်းခါပြီး ကိုကို့ကိုအဖျားကူးမယ်ဆိုတာကို အခါခါရေရွတ်သည်။ ဒီအတိုင်းအိပ်လိုက်ရင် ပျောက်သွားမှာပါဆိုပြီး ပေကပ်နေတော့ အဲရစ်ဆီဖုန်းဆက်ရတော့သည်။ အဲရစ်ပြောတဲ့ဆေးတွေ ဟိုတယ်မှာရှိတဲ့ဆရာဝန်ဆီသွားယူပြီးတိုက်တာတောင် သူ့ကိုရှုတည်တည်ကြည့်၏။
"ကိုကို မဖက်နဲ့!"
"ဖက်မှာပဲကွာ။ မင်းရော ငါ နေမကောင်းရင်ပစ်ထားမှာလား"
"မတူဘူးလေ ကိုကိုရ။ လီယမ်က အဖျားကြီးတတ်..."
လီယမ့်စကားလုံးတွေက သူ့အနမ်းအောက်မှာပြတ်တောက်သွားသည်။ တွန်းဖယ်နေတဲ့ လီယမ့်လက်တွေကိုပါ ဆွဲချုပ်ပြီး ရင်ခွင်ထဲထည့်ထားပစ်လိုက်၏။ မျက်လုံးထောင့်စွန်းကနေ စီးကျသွားတဲ့မျက်ရည်တို့ကိုလည်း ညင်ညင်သာသာဖယ်ရှားပေးမိသည်။
"ကိုကို့ကို အဖျားကူးမယ်"
"ကူးပါစေ။ ကိုကို ဖျားရင် လီယမ်က ပြန်ဂရုစိုက်ပေးမှာပဲမလား"