Zawgyi
ကောင်းစစ်တို့ ကျောင်းရက်ရှည်ပိတ်ထားသည့်ရက်ပိုင်းအတွင်း ခရီးထွက်သွားသည်မို့ သူပါ အနားရနေလေသည်။အပြင်လည်း ထွက်လေ့မရှိလေတော့ အိမ်မှာနေရင်း စားလိုက်၊အိပ်လိုက်၊စာဖတ်လိုက်ဖြင့် အနားယူရုံသာ။
"သားရေ...ဆိုင်ခဏထိုင်ပေးဦး....ဖေ...ထမင်းစားဦးမယ်...''
ဆိုင်ထိုင်ရသည်ကိုတော့ သူပျင်းပါသည်။ဘယ်လောက်လဲ ဘယ်ရွေ့လဲ မေးလို့ဖြေနေရတာကို သူ့အတွက် ကြီးလေးသည့်တာဝန်တစ်ခုသဖွယ်။စစချင်း ဆိုင်တည်ကတည်းက ကိုယ်တိုင်ယူစနစ်ဖြင့် ငွေရှင်းကောင်တာထားပါဆိုသော အဆိုကို အဖေရော၊အမေပါ လက်မခံခဲ့ကြ။ဒါ့အပြင် ခြံကို တစ်ဝက်ဖောက်ပြီး ဆိုင်တည်ထားလေတော့ အပြင်လမ်းက သွားသမျှလူ၊ပြောသမျှစကားသံက မကြားချင်လည်း ကြားနေရပေသည်။
"ဦးလေး....လေဆာသွားတိုက်ဆေးရှိလား"
ခေါင်းညိတ်ပြရင်း တစ်လက်စတည်း ယူပေးလိုက်တော့ ကလေးမလေးက ခေါင်းခါပြီး...
"မေးကြည့်တာ ရှိမရှိ၊ခုက ကိုးဂိတ် ယူမှာ"
ရိုက်ပေါက်ပါလေ။
"အမွှေးတိုင် အထုပ်ကြီး တစ်ထုပ်...''
အနားနီးနေသည့် လိုတရ အမွှေးတိုင် တစ်ထုပ်ကို သူ ကမ်းပေးလိုက်သည်။အဒေါ်ကြီးက အထုပ်ကို သေချာကြည့်ပြီး..
"ဒါ မဟုတ်ဘူးလေ...ရွှေပြည့်ငွေလျှံ...''
အစကတည်းက နာမည်ပြောဝယ်ရင် ဘာဖြစ်မှာမို့လို့လဲ။ခုကျ အခါခါလဲလို့မပြီးနိုင်။ဒီကြားထဲ တချို့တွေဆို ပစ္စည်းမှာပါသည့်ရုပ်ပုံအတိုင်းခွေးရုပ်နွားရုပ်စသဖြင့် မှတ်ကြသေးသည်။ရောင်းနေကျအဖေကတော့ ကျင့်သားရနေပေမဲ့ မေ့လောက်မှ တစ်ခါလာထိုင်သည့် သူကတော့ တစ်ခါလာ တစ်ခါစိတ်ရှုပ်ရတာပင်။
"ရေသန့်တစ်ဘူး...''
"အကြီး မဟုတ်ဘူး...''
အကြီးကိုပြန်ထားပြီး အသေးပြန်လဲပေးလိုက်တော့..
"အေးတာ ယူမယ်...''
မမေးမိသည့် သူ့အပြစ်မို့ စိတ်ကိုလျှော့ပြီး ရေခဲသေတ္တာထဲမှ အေးခဲနေသောဘူးကို သူထုတ်ပေးလိုက်ပါသည်။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...