Ep..25(Z & U)

1.2K 218 74
                                    

Zawgyi

အိမ်ရှေ့ရောက်နေသည့်တိုင် ဆက်နေရိပ်ဆီမှ စကားသံ မကြားရသေး။မိုးပန်းကတော့ ပစ္စည်းတစ်ချို့ သယ်ပိုးလို့ ခြံထဲဝင်သွားလေပြီ။

"နေရိပ်...''

သူ့ကို ပြန်ကြည့်သည့် ဆက်နေရိပ်၏မျက်ဝန်းများတွင် ယခုထိ ဒေါသအရောင်တောက်နေဆဲ။သူ ဘယ်နေရာမှာ ဘယ်လောက်ထိ မှားယွင်းသွားသလဲ မည်သို့မှ စဉ်းစားမရ။

"ကိုယ့်ကိုပြောလေ...မင်း မကျေနပ်နေတာကို ပြောမှ ကိုယ်က ဖြေရှင်းလို့ရမှာပေါ့''

"ခင်ဗျားဆီက ဘာဖြေရှင်းချက်မှ မကြားချင်ဘူး..တစ်ခုပဲ.....ခင်ဗျားအပေါ်..ကျွန်တော်.... အမှန်တကယ်ကို...ချစ်ခဲ့တယ်ဆိုတာတော့..သိစေချင်တယ်...ခင်ဗျားကို...မိန်းမ မယူစေချင်တာလည်း...မှန်တယ်...။ဒါပေမဲ့..ကျွန်တော့ကို..ပြန်ချစ်မှ ဆိုတဲ့စိတ်မျိုး မတွေးခဲ့ဖူးပါဘူးဗျာ...''

အဖျားခတ်တုန်ခါသွားသည့် အသံကြောင့် ဒေါသစိတ်ကြားမှာပင် ဝမ်းနည်းရိပ်တို့တိုးဝင်နေကြောင်း သူရိပ်မိသည်။ခက်တာက ဘာကြောင့် ဖြစ်နေမှန်း မသိတော့ သူဘယ်လိုလုပ်ပြီး ရှင်းပြရပါ့မလဲ။

"နောက်ရက်တွေ...အိမ်က ကားလွှတ်ပေးပါ့မယ်...''

မောင်းထွက်သွားပြီဖြစ်သော ကားနောက်ပိုင်းကို ငေးကြည့်ရင်း သူ ဘာမှပြောခွင့်မရလိုက်။

#

ထိုနေ့မှစလို့ သူ့အိမ်ရှေ့တွင် ဆက်နေရိပ်ကားလေး မမြင်ရတော့ပေ။သူ့ကိုပြောသွားသော စကားအတိုင်း ကားအကြိုအပို့ကို ဒရိုင်ဘာဦးလေးဖြင့် ပြုလုပ်ပေးခဲ့ပြီး နေအိမ်တွင်လည်း အရိပ်အယောင်ပင် မမြင်တွေ့ရ။

ကောင်းစစ်ဆီ စကားနှိုက်ကြည့်တော့လည်း အိမ်ပြန်မအိပ်ကြောင်းမှ လွဲ၍ ကျန်တာမသိရ။ခက်ချေပြီ။ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ နေလာခဲ့သမျှ ဆက်နေရိပ်စိတ်ဆိုးနေသည်ဆိုတာကတော့ သူ့အတွက် အတော်ကို နေမထိထိုင်မသာ ဖြစ်လို့နေသည်။ဖုန်းဆက်လို့မရသလို၊ဆက်သွယ်လို့ရသမျှ နေရာစုံမှာ တစ်ခုမကျန် အကုန်ပိတ်ထားခဲ့လေသည်။ဘယ်လိုလုပ်ရပါ့မလဲ။နေမကောင်းဘူးဆိုသည့် အသံကြားရင်များ ပြန်ပြေးလာလေမလား။စိတ်ဆိုးပြေဖို့က ဘယ်လောက်စောင့်ရမလဲ စသဖြင့် အတွေးပေါင်းစုံဖြင့် တစ်သက်နှင့်တစ်ကိုယ် ဒီတစ်ခါ အရူးဆုံးပင်။

Eyes of loveWhere stories live. Discover now