First Meeting..

28.7K 1.3K 6
                                    

#Unicode

ညနေခင်းပိုင်းအချိန်မှာ မိုးတွေက တဖျောက်ဖျောက်ရွာသွန်းနေလေသည်။ မိုးရေထဲမှာ လူအများစုက ထီးလေးတွေကိုယ်စီနဲ့ စိမ်ပြေနပြေ လမ်းလျှောက်နေကြသည်။

ထိုအချိန်မှာ ကောင်လေးတစ်ယောက်ကတော့ မိုးရေစိုမှာစိုးလို့ လွယ်အိတ်နဲ့ ခေါင်းကို ကာကာ လူအုပ်ကြားထဲတွင် ပြေးလွှားနေလေသည်။ ထိုကောင်လေး၏ ဖိနပ်မှာလဲ မိုးရေကြောင့် စိုရွှဲလျက်ရှိပြီး ကောင်လေးက မျက်လုံးလေးဝေ့ဝိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ မိုးခိုစရာ နေရာရှာနေလေသည်။ နောက်တော့ တစ်နေရာပေါ် အကြည့်ရောက်သွားပြီး ထိုကောင်လေးရဲ့ နှုတ်ခမ်းထပ်မှာ အပြုံးတစ်ခုဖြစ်လာပြီး ပါးချိုင့်သေးသေးလေးတစ်ခု ပေါ်လာလေသည်။ ထိုကောင်လေးက အမိုးပါတဲ့ ကားမှတ်တိုင်ရှိရာကို အပြေးအလွှားသွားလိုက်သည်။

မှတ်တိုင်ကိုရောက်မှာပဲ သူသက်ပြင်းတစ်ချက်ချလိုက်မိသည်။ လွယ်အိတ်မှာ စိုနေတဲ့ ရေတွေကို ခါထုတ်လိုက်ပြီး အထဲက စာအုပ်တွေကို ထုတ်ပြီးကြည့်လိုက်တော့ ရေမစိုမှန်းသိတော့မှ စိတ်သက်သာရာရသွားသည်။ နောက်တော့ ကားမှတ်တိုင်က ထိုင်ခုံမှာ ထိုင်လိုက်ကာ ဖိနပ်ကိုချွတ်ပြီး ဖိနပ်ထဲက ရေတွေကို သွန်ချလိုက်ပြီးတော့ ဖိနပ်ကို ပြန်ဝတ်လိုက်သည်။ ကောင်လေးရဲ့ အညိုရောင်ဆံပင်က မိုးရေစိုနေတာကြောင့် ရေများတစက်စက် ကျနေသည်။

ကောင်လေးက မတ်တပ်ထရပ်လိုက်ကာ ခေါင်းက ရေတွေကို ခါထုတ်လိုက်သည်။ ပြီးတော့ နှာခေါင်းရှုံ့လိုက်ကာ မိုးရွာနေပုံကို သေချာကြည့်နေသည်။
"ဟင်း..မိုးကလဲ ဒီနေ့မှ ဘာလို့ ဒီလောက်တောင် ရွာနေရတာလဲ"
နားထောင်ကောင်းတဲ့အသံလေးက ထိုကောင်လေးရဲ့ ပန်းရောင်သန်းနေသော နှုတ်ခမ်းဖျားမှ ထွက်လာသည်။ ထိုကောင်လေးကတော့ အတွေးများစွာနဲ့ ဗျာများနေသည်။

ဒီနေ့ ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ် စဆင်းရမှာဖြစ်သည်။ သူတွေးထားတာက ဒီနေ့အိမ်စောစောပြန်ပြီး ကော်ဖီဆိုင်ကို စောစောသွားမယ်ဟုပင်။ ဒါပေမယ့် ကံတရားက သူ့အပေါ်ကို ရက်စက်လွန်းသည်။ မနေ့ကပဲ အလုပ်ထုတ်ခံရပြီး နောက်ထပ် အလုပ်ရတယ်ဆိုကမှ မိုးက ရွာနေသေးသည်။ ဒီမိုးနဲ့ဆို သူဘယ်ကိုမှ သွားရတော့မည် မဟုတ်ပေ။ မနေ့က သူအလုပ်ထုတ်ခံရတာက သူ့အဖေကြောင့်ပင် ဖြစ်သည်။ သူ့အဖေက သူအလယ်တန်းတုန်းက လူသတ်မှုနဲ့ ထောင်ထဲဝင်ခဲ့ရပြီး သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ လူအများက သူ့ကို မလှောင်ပြောင်ကြပေမယ့် သူ့ကို ကြောက်ပြီး ဖယ်ကျဥ်ထားကြသည်။ သူ့နောက်ကွယ်မှာ သူတို့ ပြောလေ့ရှိတဲ့စကားက "လူသတ်သမားရဲ့သားကရော လူသတ်သမားမဖြစ်နိုင်ဘူးလား'ဆိုတဲ့ စကားပဲ ဖြစ်သည်။ သူ့အဖေက ထောင်ကျပြီး မကြာမီမှာပဲ ထောင်ထဲမှာပဲ သတ်သေသွားခဲ့သည်။

Everyone scare of me Except him!! (System) (Own Creation) [Completed]Donde viven las historias. Descúbrelo ahora