Ep-19

1.7K 142 7
                                    

Unicode Version

ကျင့်ဝတ်များနှင့်ဖြစ်သင့်သည့်အရာများကိုလျစ်လျူရှုလိုက်သည့် နေရောင်လွှမ်းနှင့်ဘုန်းသျှန်ထက်၏အနာဂတ်ဟာ မည်သို့မည်ပုံဖြစ်မည်ကိုမသိသော်လည်းပစ္စုပ္ပန်ကတော့ အလွန်တရာမှသာယာဖွယ်ကောင်းသည်။ မူလကနေရောင်လွှမ်းအား အရိပ်တကြည့်ကြည့်လုပ်တတ်သူဘုန်းသျှန်ထက်မှာ အခုတော့ဖြင့်ပေါ်တင်ဂရုစိုက်နိုင်လေပြီ။ နေရောင်လွှမ်းမှာလည်း မျှော်လင့်နေရသည့်ဂရုစိုက်မှုများကိုရနေသည်မို့ စိတ်နှလုံးရွှင်မြူးလျက်ရှိသည်။

ပေါက်ကွဲလုမကပေါက်ကွဲနေသောရင်ခုန်သံကလည်းနှစ်ယောက်လုံးထပ်တူပင်။ ညကလည်းအတော်ကြာကြာသည်အထိ ဝရန်တာတွင်အတူထိုင်ကာည၏အလှကိုပျော်ရွှင်နေသော စိတ်အစဥ်နှင့်ခံစားဖြစ်ကြသည်။ ပျော့ညံ့သောပုံစံကို မလိုလားသောနေရောင်လွှမ်းကပင်ဘုန်းသျှန်ထက်၏ပခုံးထက်တွင်ခေါင်းမှီကာအပျော်ရွှင်ဆုံးအခိုက်အတန့်၏ အဓိပ္ပါယ်အစစ်ကိုခံစားသည်။

အရာအားလုံးကိုဥပေက္ခာပြု၍တစ်ယောက်အနားတစ်ယောက်ရှိနေပေးဖို့ကိုရွေးချယ်ခဲ့ကြသောသူတို့နှစ်ဦးဟာ အနာဂတ်များကိုပါလျစ်လျူရှုကာလက်ရှိအချိန်တွင်မွေ့ပျော်ဖြစ်ကြသည်။

နေရောင်လွှမ်းသည်ညဘက်ကြီးထူးဆန်းစွာရောက်ရှိလာသည့်မက်ဆေ့ချ်တစ်စောင်ကိုပင်ဘုန်းသျှန်ထက်အတွက်နှင့် လတ်တလောမေ့ဖျောက်ထားလေသည်။ ကျော်သူရကတော့ ဤအဖြစ်အပျက်ကြောင့်ဘုန်းသျှန်ထက်၏ကြောက်စိတ်ကို အဆုံးရှုံးမခံလိုသည့်စိတ်ကအနိုင်ရသွားသည်ဟုဆိုကာ အဆိုးထဲကအကောင်းဖြစ်ကြောင်းပြောပြီးဝမ်းသာနေရှာသည်။

ဘုန်းသျှန်ထက်အလုပ်သွားချိန်တွင်နေရောင်လွှမ်းကလည်း သူ၏သူငယ်ချင်းနှစ်ယောက်ဆီသို့ထွက်လာခဲ့သည်။ အခုထိသူ၏အိမ်ကိုမပြန်သေးသောနေဘုန်းခန့်နှင့်အိမ်ရှင် နေရှိုင်းသွင်မှာနေရောင်လွှမ်း၏မြူးကြွနေသောပုံစံကိုကြည့်၍ အထူးတဆန်းဖြစ်နေလေသည်။

ပုံမှန်အချိန်ဆိုလျှင်ဤမျှတက်ကြွမနေတတ်သောနေရောင်လွှမ်းဟာ ပုံမှန်ထက်ပိုလွန်သောအမူအရာမျိုးကြောင့် သံသယဖြစ်လည်းဖြစ်ချင်စရာပါပင်။

ALL I EVER NEED (Completed)Where stories live. Discover now