Ep-27

1.9K 122 2
                                    

Unicode Version

ကျော်သူရကတိပေးထားသည့်သုံးရက်ဟူသောအချိန်ဟာ လွန်လာခဲ့သည့်နောက်တွင်တော့ဘုန်းသျှန်ထက်၏စိုးရိမ်စိတ်တို့ကလည်း ထိန်းမနိုင်သိမ်းမရဖြစ်လာရတော့သည်။ ညတိုင်းလည်း အိပ်မပျော်နိုင်ဘဲနေရောင်လွှမ်းနှင့်ပတ်သက်သမျှ သတင်းများကိုစုဆောင်းနေရသဖြင့် မျက်ကွင်းများလည်း ညိုလာရသည်။ အလုပ်မလုပ်၊ရုံးမတက်နိုင်သည့်အပြင် အစားအသောက်ပါပျက်နေသည့်ဘုန်းသျှန်ထက်ကို ကျော်သူရလည်း မဖျောင့်ဖျနိုင်တော့ပေ။

ယခုရက်ပိုင်းတွင်ဘုန်းသျှန်ထက်ရနေသည့်အကျင့်မှာ ဖုန်းမြည်သံကြားလိုက်တိုင်း အထိတ်တလန့်ဖြင့်စိတ်လှုပ်ရှားနေတတ်သည်။ မည်သူကများနေရောင်လွှမ်းနှင့်ပတ်သက်သည့် သတင်းကောင်း သို့မဟုတ် သတင်းဆိုးကို အသိပေးမလဲဟူသော စိတ်နှင့်ဖုန်းကိုလူနှင့်အမြဲဆောင်ထားရသည်။ ထိုစိတ်ကြောင့် ဖုန်းလာတိုင်းလည်းရင်တထိတ်ထိတ်ဖြစ်နေရသည်။

ကျော်သူရကလည်းအသိစိတ်လွတ်နေသည့်လူတစ်ယောက်လို ဖြစ်နေသည့်သူ၏သူငယ်ချင်းကိုကြည့်၍ရင်နာရသည်။ ထို့ကြောင့် သူ၏အစီအစဥ်ကိုတစ်မျိုးပြောင်းမှဖြစ်မည်ဟု တွေးကာ သူ၏ရုပ်ကိုအသက်လေးဆယ်ကျော်လူကြီးတစ်ယောက်အသွင် ရုပ်ဖျက်လိုက်ပြီးနောက်သူ၏မိတ်ဆွေတစ်ဦးထံမှ ကားကိုငှါး၍ဘုန်းသျှန်ထက်ကိုခေါ်ကာ ရာဇာကျော်၏ အိမ်ဘက်သို့ရောက်လာခဲ့ပြန်သည်။ ရာဇာကျော်၏ အိမ်နှင့်မနီးမဝေးနေရာမှကုန်စုံဆိုင်လေးတစ်ခုအနားတွင် ကားကိုရပ်လိုက်ပြီး ကားရပ်လိုက်သည်နှင့်ဘုန်းသျှန်ထက်က ကားပေါ်မှဆင်းရန်ပြင်နေသဖြင့် ကျော်သူရကတားလိုက်သည်။

"မင်း မလိုက်ခဲ့နဲ့ မင်းကအရမ်းသိသာလွန်းတယ် ငါတို့အခုထိ ဘယ်လိုမှသတင်းမရသေးတာထူးဆန်းနေတယ်လို့ ငါထင်တယ် အဲ့ဒါကြောင့်ဒီနေ့ရုပ်ဖျက်လာခဲ့တာ မင်းကတော့ ငါပြန်အလာကိုစောင့်နေဦး တကယ်လို့ဒီနေရာတစ်ဝိုက်မှာ တစ်ခုခုထူးခြားရင်လည်းငါ့ကိုဖုန်းဆက်ပြီးခေါ်လိုက် ဟုတ်ပြီလား"

"အင်း ဟုတ်ပြီလေ"

ဘုန်းသျှန်ထက်ကလည်းကျော်သူရ၏အကြံကိုလက်ခံလိုက်ပြီး ကားပေါ်တွင်သာနေခဲ့လိုက်သည်။ ထိုအခါ ကျော်သူရတစ်ယောက်တည်းသာ ကားပေါ်မှဆင်းသွားပြီး လမ်းတစ်ဖက်ရှိ ကုန်စုံဆိုင်လေးရှိရာသို့ သွားလေတော့သည်။ ဘုန်းသျှန်ထက်မှာလည်း အနီးအနားတစ်ဝိုက်တွင်စောင့်ကြည့်နေမည့် လူရှိမရှိကို ကားထဲမှနေ၍အကဲခတ်နေမိသည်။ ဘုန်းသျှန်ထက်ကအခြေအနေကို စူးစမ်းနေစဥ်မှာပင် ကျော်သူရကလည်း ကုန်စုံဆိုင်အရှေ့သို့ရောက်သွားလေပြီ။

ALL I EVER NEED (Completed)Wo Geschichten leben. Entdecke jetzt