1

17.6K 576 11
                                    

ဆောင်းဝင်လာပြီဖြစ်၍ အအေးဓာတ်က စိုးမိုးစ ပြုလာခဲ့ပြီ။ ဆောင်းမနက်ရဲ့ အဖိုးတန်သည့် နေရောင်ခြည် နွေးနွေးဟာ မြူစအချို့ကို ဖြိုခွင်းလျက် အခန်းများထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။

အစောင့်အထပ်ထပ် ချထားသည့် အခန်းတွင်းတွင်တော့ ဆောင်းရဲ့ အအေးဒဏ်ကို အံတုရန် ဖိုထားသည့် စန္ဒကူးမီးဖိုမှ အနွေးဓာတ်နဲ့အတူ သင်းနေသည့် စန္ဒကူးအနံတို့မှာ မွှေးကြိုင်နေခဲ့သည်။

ထိုအခန်းထဲတွင် တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများစွာကို သူ့နေရာနှင့်သူ အစီအရီ စနစ်တကျ စီမံထား၍ နေချင်စဖွယ်။

အဖိုးတန်ပစ္စည်းများဖြင့် ပြည့်နေသည့်အခန်းထဲက လိုက်ကာရဲ့ အလွန်တွင်တော့ နှစ်တစ်ရာကျွန်းသားနှင့် ပြုလုပ်ထားသည့် ကုတင်ပေါ်တွင် ပိုးချည်အကောင်းစားဖြင့် ရက်လုပ်ထားသည့် ရွှေဝါရောင်ခြုံစောင်ကို လွှမ်းခြုံလျက် အိပ်ပျော်နေသော အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်။

ထုံးဖွဲ့ခြင်းမရှိသေးသည့် ပိတုန်းရောင် ဆံနွယ်ရှည်တို့မှာ လွတ်လပ်မှုအပြည့် ရှိနေခဲ့သည်။ သွယ်တန်းနေသည့် မျက်ခုံးအစုံ ၊ မတိုမရှည် မျက်တောင်မွှေး ၊ ချွန်မြမြ နှာတံ ၊ ခပ်ပါးပါးနှုတ်ခမ်း တစ်စုံ ၊ ထိုနှုတ်ခမ်းအောက်က အသက်ဝင်နေသည့် မှဲ့နက်။ အပြစ်ဆိုဖွယ် မရှိအောင် အင်္ဂါအစိတ်အပိုင်းများ သူ့နေရာနှင့်သူ ရှိနေသည့် ထိုလူဟာ လှပစွာ အိပ်နေခြင်းပင်။

ထိုလူရဲ့ ချောမောနေမှုကို ဖျက်ဆီးရန် ရှိနေသည်က နဖူးတွင် ပိတ်ဖြူနှင့် စည်းနှောင်ထားခြင်း ခံထားရသည့် ဒဏ်ရာ။ သို့ပေမဲ့ ထိုဒဏ်ရာဟာ ထိုလူရဲ့ ချောမောမှုကို မပယ်ဖျက်နိုင်။ နဖူးက ဒဏ်ရာနဲ့အတူ အိပ်ပျော်နေသူက ရှောင်မျိုးဆက်ရဲ့ အမွေဆက်ခံသူ သခင်လေး ရှောင်ကျန့်။

ရှောင်ကျန့် ခေါင်းကိုက်မှု ဒဏ်များဖြင့် နိုးလာခဲ့သည်။ မျက်လုံးစဖွင့်ခြင်းတွင် အရာအားလုံးဟာ ဝေဝါးနေသည်။ တဆစ်ဆစ် ထိုးကိုက်နေသည့် ခေါင်းကိုက်နေခြင်း ဝေဒနာကို သက်သာလို သက်သာငြား စောင်ထဲမှ ညာလက်ကို ထုတ်၍ နားထင်နှစ်ဖက်ကို နှိပ်နှယ်နေသည်။

ငြိုးသူ့ ကလဲ့စား (  Unicode ) completeWhere stories live. Discover now