(၃၆)

810 97 7
                                    

နေ့ခင်းနေ့လယ်၌ သော်ဇင်တစ်ယောက် အလုပ်မရှိ အလုပ်ရှာကာ ခြံထဲရှိ ပန်းအိုးများထဲမှ ပေါင်းပင်များကို လိုက်နှုတ်နေလေသည်။ သုထက်က သူ့အတွက် ဆရာမခေါ်ပေးမည်ပြောထားသောကြောင့် စိတ်ပူခြင်းအလျဉ်းမရှိနေဘဲ နားနားနေနေမနေနိုင်သောကြောင့် အပင်လိုက်နှုတ်နေခြင်းဖြစ်သည်။

"ဘာလုပ်နေတာတုန်း"

ကုန်းကုန်းကွကွနှင့် လုံးတုံးတုံးပုံစံလေးဖြင့် ပန်းအိုးထဲမှ အပင်သေးသေးလေးများအား ရှာရှာကြံကြံလိုက်နှုတ်နေသော သော်ဇင့်အားကြည့်၍ သုထက်မေးမိလိုက်သည်။

"ပေါင်းပင်လေးတွေလေ...."

ထိုသို့ပြောပြီး မြေကြီးများကြောင့် ညစ်ပေနေသော လက်ဖြင့် အပင်သေးသေးလေးကို ကိုင်ကာ သုထက်အား လှည့်ပြသည်။

"ငြိမ်ငြိမ်လေးမနေတတ်တာလား....ဘယ်လိုဖြစ်လို့ အဲ့ဒီ သေးသေးမွှားမွှားလေးတွေကို လိုက်လုပ်နေတာလဲ"

"ဟို...စာဖတ်ရတာလည်းကြာတော့ မျက်စိညောင်းလာလို့....အိမ်သန့်ရှင်းရေးကလည်း ပြီးသွားတယ်ဆိုတော့ ဘာမှလုပ်စရာမကျန်တော့လို့ပါ"

"သွား...လက်သွားဆေး"

သုထက် ရေဘုံဘိုင်ရှိသည့်နေရာသို့ လက်ညိုးတန်းထိုးပြရင်း နေရာမှ ထခိုင်းတော့သည်။

"ဟို တစ်အိုးပဲကျန်တော့တာ...."

"သော်ဇင်"

လက်လျော့ချင်ပုံမရသော အဖြူကောင်လေးအား လေသံမြင့်ကာ ပြောလိုက်မှ မှုန်ကုပ်ကုပ်ဖြင့် ထသွားတော့သည်။

"ဟုတ်ကဲ့ ကိုထက်"

ပုဆိုးရေစိုမည်စိုး၍ အသာမကာ ဖိနပ်ကို ခပ်လှမ်းလှမ်း၌ ချွတ်ထားလိုက်ရင်း လက်ဆေးနေသော သော်ဇင့်ကို သုထက်လှမ်းကြည့်နေမိသည်။ အပြုအမူတစ်ခုချင်းစီက ရိုးရှင်းသည်။ လုပ်ယူထားမှုမပါ....ပကတိ မူလအတိုင်းပင်။

လက်ဆေးပြီး ရေများခါချနေသော သော်ဇင်သည်လည်း မိမိအား တစိုက်မတ်မတ်ကြည့်နေသော သုထက်ကိုကြည့်၍ နေစရာနေရာပျောက်သွားသည်။ အကြောင်းက သုထက်ကြာကြာကြည့်နေလျှင် သူရင်ခုန်လွန်းနေ၍ ဖြစ်သည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now