တဟုန်းဟုန်း တောက်လောင်နေသော မီးစာတို့သည် ထင်းချောင်းများကို တတိတိ လောင်ကျွမ်းနေတော့၏။
ပလုံစီကာ ဆူပွက်လာသော ရေနွေးအိုးလေးကို
မီးဖိုပေါ်မှ ချ၍ ဝါးဆစ်ခွက်ထဲသို့ ရေနွေးတို့ကို လောင်းထည့်လိုက်သည်။ ထို့နောက် ဘူးထဲရှိ အနည်းငယ်သာ ကျန်တော့သော လက်ဖက်ခြောက်ကို အဒွိ သောက်မည့် ခွက်လေးထဲသို့ ခပ်လိုက်၏။တိုးတိုးလေးသာ ဖွင့်ထားသည် ရေဒီယိုလေးထံမှ သီချင်းသံသည် အိမ်လေး၏ အတွင်း၌ ငြိမ့်ငြိမ့်လေး ပျံ့လွင့်နေသည်။ ထို့အတူ အသံတိုးတိုးနှင့် သီချင်း ညည်းသံလေးသည်လည်း ခေါင်လွမ်း၏ နှုတ်ခမ်းဖျားမှ ထွက်ကျလာတော့၏။
"မြေးရဲ့ ရေဒီယိုလေးက ဒီနေ့တော့လည်း အသံက ငြိမ်နေတာပဲကွယ်။ နားထောင်ရတာ စိတ်ချမ်းသာလိုက်တာ"
အဒွိသည် ရေဒီယိုမှ ထွက်လာသော သံစဉ်လေးတွေကြောင့် ပျော်ရွှင်နေဟန်ရှိသည်။
"အသစ် လက်ဆောင် ရထားတာ အဒွိ"
"မြေးနေသာ ပေးတာလား"
"မဟုတ်ဘူး။ မြို့သားကိုကို ပေးတာ"
"မြို့သား ကိုကို။ ဟိုတစ်ခါ အိမ်ကိုလာလည်သွားတဲ့ ကောင်လေးလား။ မြေးလေးကတော့ နာမည်ကို ထူးထူးဆန်းဆန်းတွေ ပေးတတ်တယ်"
အဒွိ၏ စကားကြောင့် ခေါင်လွမ်း၏ နူတ်ခမ်းလေးများသည် မရယ်သည့်တိုင် ကော့တက်သွားတော့၏။ မြို့ပေါ်မှလာသည့် လူဆိုတော့ မြို့သားကိုကိုပဲပေါ့။
"အဲသည် ကလေးကလည်း မြေးကို အတော်လေး
ခင်တယ်နဲ့ တူပါတယ်။ မင်း နေမကောင်းတုန်းကလေ
သူ့မှာ မြေးအနားမှာပဲ တစ်ချိန်လုံး စောင့်ပေးနေရှာတာ"မီးဖိုလေးမှ ထွက်လာသည့် အနွေးဓာတ်လေးလိုပဲ
ခေါင်လွမ်း၏ နှလုံးသားသည် အဒွိ၏ စကားကြောင့် နွေးထွေးသွားရသည်။ ပူနွေးနေသော နှလုံးသားလေးသည် စည်းချက်မှန်မှန်လေး ခုန်ပေါက် လှုပ်ရှားနေလျက်။"အဒွိ။ လူတစ်ယောက်ကို တွေ့လိုက်တိုင်း ဘာလို့
နှလုံးက အရမ်း ခုန်လာရတာလဲဟင်"သိချင်နေသော မေးခွန်းကို အဒွိထံ မေးလိုက်မိ၏။ အခုတလောမှ ဖြစ်ပေါ်လာသည့် ထူးဆန်လှသော ဤခံစားချက်သည် ခေါင်လွမ်းအတွက်တော့ တစ်ခါမှ
မတွေ့ကြုံဖူးသေးသည့် ဆန်းသစ်သော အရာတစ်ခု။
ခေါင်လွမ်း၏ စကားကြောင့် အဒွိကသည် ခပ်ပြုံးပြုံးလေး
ကြည့်လာ၏။ သူ(မ)၏ အရှေ့မှ အမျိုးသားငယ်လေး
သည် နှလုံးခုန်သံကိုတောင် သတိထားမိနေသည့်
အရွယ်သို့ ရောက်လာချေပြီ။ ငယ်ရွယ်သည့် ကလေး အရွယ်လေးမှ မျက်စိရှေ့တင်ပဲ အရွယ်ရောက်လာသည့် အမျိုးသားလေး အသွင်သို့ တဖြည်းဖြည်း ကူးပြောင်းနေပြီ ဖြစ်၏။
YOU ARE READING
ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]