နေ့လယ်စာ စားသည့်အချိန် ရောက်သည်အထိ ခေါင်လွမ်းသည် လက်ကီးလေးကို ရင်ခွင်ထဲ၌ ပိုက်ထားဆဲပင်။ တစ်မနက်ခင်းလုံး လျှောက်မသွားရသည့် ခွေးလေးမှာတော့ ခေါင်လွမ်း၏ လက်မောင်းကြားထဲမှ ရုန်းထွက်ချင်သောကြောင့် လှုပ်ရွ၍ နေလေပြီ။
ထိုလှုပ်ရွနေသည့် ခွေးလေးကို ဘယ်ဘက်လက်မောင်းထဲ၌ ဆွဲသွင်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် အာလူးစွပ်ပြုတ်ကို သောက်နေ၏။ စားနေကျ ပုံစံနှင့် ကွဲလွဲစွာပဲ အရသာရှိလွန်းသည့် သည်စွပ်ပြုတ်ပူပူလေးက ခေါင်လွမ်း၏ ရင်ထဲအထိပင် နွေးထွေးသွားစေသည်။အာလူးအနှစ်တွေ ကြား၌ နစ်မြုပ်နေသည့် ပြောင်းဖူးအဖတ်လေးတွေကို ဝါးလိုက်ရတိုင်း ချိုမြမြ အရသာသည် လူကို ကြည်နူးစေ၏။ လှုပ်ရွနေသည့် ခွေးလေးကို ထိန်းလိုက်၊ စွပ်ပြုတ်သောက်လိုက်ဖြင့် အလုပ်ရှုပ်နေသည့် ကောင်လေး၏ ပုံစံကို မိုင်စိုင်း ကြည့်နေမိသည်။ ခေါင်လွမ်းဆိုသည့် ထိုကောင်လေးသည် အရောင်မရေးခြယ်ရသေးသည့် ရွက်ဖျက် တစ်ချပ်လို ဖြူဖြူစင်စင်လေး။
စတွေ့ချိန်တုန်းကတော့ အေးစက်စက်နိုင်သည်ဟု
ထင်ခဲ့မိသော်လည်း သေချာ သတိထားကြည့်မှ
ခေါင်လွမ်းသည် စိတ်ထား တကယ် နွေးထွေးလွန်းသည့် ကောင်လေးဖြစ်ကြောင်း မိုင်စိုင်း သိလိုက်ရ၏။"အစ်ကို လက်ကီးလေးကို မယူပါဘူး။ သပ်သပ်စတာ။ သူ့ကို လွှတ်ပေးလိုက်တော့။ အစ်ကို မယူဘူး။ ကတိပေးတယ်။ ကတိ"
လက်သန်းကို ချိတ်ရန် ပေးတော့ ထိုကောင်လေးသည် သဘောပေါက်ဟန်မတူ။ မျက်လုံးဝိုင်းလေးတွေဖြင့်သာ ကြည့်လာ၏။
"အစ်ကို့ရဲ့ လက်သန်းကို မင်းလက်သန်းနဲ့ ဟောသည်လို ချိတ်လိုက်ရင် ကတိတွေက တစ်သက်လုံး တည်သွားရောတဲ့"
ခေါင်လွမ်း၏ လက်လေးကိုဆွဲယူကာ မိမိ၏ လက်သန်းနှင့် ချိတ်ပေးလိုက်သည်။
ထိုအခါမှ ထိုကောင်လေးသည် ခေါင်းညိတ်ပြကာ လပ်ကီးဟူသော ခွေးလေးကို လွှတ်ပေးလိုက်တော့၏။ ခွေးလေးခမျာ ယခုမှ လွတ်လပ်ရေး ရသွားသည်နှယ် အိမ်အောက်သို့ အမြီးလေး နှန့်၍ ပြေးဆင်းသွားတော့သည်။
YOU ARE READING
ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]