Page 25

19.2K 2.6K 157
                                    

ပန်နန်းဒင်သို့ လာသည့် အချိန်တုန်းက မိုင်စိုင်း၏ စိတ်တို့သည် ပျော်ရွှင်၊ တက်ကြွခြင်း အပြည့်ဖြင့်။ သို့သော် အပြန်ခရီး၌တော့ စိတ်ခံစားမှုတို့မှာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ တဖြည်းဖြည်း ကျန်ရစ်ခဲ့သော နန့်တမိုင်
ချောင်းကူး တံတားလေးဆီ မိုင်စိုင်း ခေါင်းနောက်ပြန် လှည့်ကြည့်ခဲ့ပါသည်။ မေတ္တာဓာတ် နွေးနွေးလေးတွေ ရှိသော ၊ အရိုးခံလူသားတို့၏ ရယ်မောသံ တိုးတိုးလေးတွေ ရှိသော ဤဒေသလေးနှင့် ဝေးရာဆီသို့ မိုင်စိုင်း သွားနေရပြီ ဖြစ်သည်။ တရွေ့ရွေ့ သွားနေသော ကားလေးနှင့် အတူ မိုင်စိုင်း၏ စိတ်သည်လည်း တောင်စဉ်ရေမရ လွင့်မျောနေမိ၏။ လက်နှစ်ဖက်မှာတော့
ပေါင်ပေါ်ရှိ ကြွပ်ကြွပ်အိပ် အဝါထုပ်လေးကိုသာ
ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။

ဖွဖွလေးသာ ချည်ထားသော ချစ်ရသူ အပ်နှင်းသည့် လက်ဆောင်ထုပ်လေးကို မိုင်စိုင်း ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က ရေသန့်ဘူးလေးနှင့် သတင်းစာ စက္ကူဖြင့် ထုပ်ပိုးထားသော အထုပ်လေး တစ်ထုပ် ဖြစ်သည်။ ထိုစက္ကူထုပ်လေးကို ထပ်မံ ဖြည်လိုက်တော့
ကန်စွန်းဥ ပြုတ်လေးတွေ ထွက်လာ၏။
ဘယ်အချိန်တည်းက လုပ်ထားသည်မှန်း မသိသည့် ကန်စွန်းဥပြုတ်လေးတွေက ယခုချိန်ထိတိုင်
ခပ်နွေးနွေးလေးတွေ ဖြစ်နေတုန်းပင်။ အခွံတွေကို သေချာနွှာပေးထားကာ ဆားလေးတွေပင် ဖြူးထားသော
ကန်စွန်ဥပြုတ်လေးကို မိုင်စိုင်း တစ်ကိုက် ကိုက်စားလိုက်၏။ ချိုဆိမ့်ဆိမ့် အရသာလေးသည် မိုင်စိုင်း
၏ လျှာဖျားမှတစ်ဆင့် နှလုံးသားထဲ အထိပင် စိမ့်ဝင်၍ သွားစေသည်။

ကားမှန်မှ တစ်ဆင့် မြင့်တွေ့ရသော တောင်တန်းကြီးကို ကြည့်ရင်း မိုင်စိုင်း ကတိ စကားဆိုမိ၏။

"ပြန်ဆုံကြရအောင် ပန်နန်းဒင်"

---- --- --- -----

တစ်ယောက်သောသူ ခြံဝန်းထဲမှ ထွက်သွားသည်နှင့် ခေါင်လွမ်း၏ ရင်ထဲမှ အနွေးဓာတ်လေး လစ်ဟာသွားသလို ခံစားလိုက်ရသည်။ မွေးဖွားစဉ်ကတည်းက နေထိုင်ခဲ့သည့် အိမ်ငယ်လေးသည် ယခုမှ ပို၍ တိတ်ဆိတ်သွားသည်။ ခြောက်ကပ်သွားသည်။
အထီးကျန် ဆန်သွားရသည်။ မြင်ကွင်းထဲမှ ကျောပြင်ကျယ်၏ ပုံရိပ်လေး အပြီးတိုင် ပျောက်ကွယ်သွားချိန်သို့ ရောက်တော့ ခေါင်လွမ်း၏
နှလုံးသားလေးမှ နာကျင်မှုမှာ ပိုလို့ တိုးလာရသည်။
အသံမထွက်အောင် အံကြိတ် ငိုမိတော့ နှုတ်ခမ်းသားတို့မှာ နီရဲတက်လာ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now