Page 20

21.5K 2.8K 32
                                    

အတိတ်မှ အကြောင်းကို ပြန်တွေးလိုက်သည်နှင့် ဆွေးမြေ့ခြင်းနှင့်အတူ နာကျင်ခြင်းတို့ကိုပါ ခံစားလိုက်ရ၏။ လရောင် ကျရောက်နေသော နာရီဒိုင်ခွက်သည် ည ဆယ့်နှစ်နာရီခွဲကို ညွှန်ပြနေသည်။
ဝင်လေ၊ထွက်လေ မှတ်ကြည့်သည်။ ဘုရားစာကို ကြိမ်ဖန်များစွာ ရွတ်ဖတ်ကြည့်သည်။ သို့သော်လည်း ယနေ့ညမှ အိပ်စက်ခြင်းသည် လွန်စွာ ခက်ခဲလွန်းနေ၏။
နောက်ဆုံးတော့ လက်နှိပ်ဓာတ်မီးကို ကိုင်၍
ခြင်ထောင် အပြင်ဘက်သို့သာ ထွက်လိုက်ရတော့သည်။
ဘေးမှ လူများကတော့ ကိုယ်စီ အိပ်မောကျနေကြသည်။ ထို့ကြောင့် ခြေသံကို ခပ်ဖွဖွ နင်းရင်း အိမ်နောက်ဘက်ရှိ ကွပ်ပျစ်ပေါ်သို့သာ သွားထိုင်မိ၏။

ပန်နန်းဒင်၏ ဆောင်းညသည် ချမ်းစိမ့်နေအောင်ပင်
အေးလှသည်။ ဆောင်းလေသည် တစ်ချက်တစ်ချက်
ခပ်ပြင်းပြင်း တိုးဝှေ့နေ၏။ ထိုလေရိုင်းတို့နှင့်အတူ မိုင်စိုင်း၏ စိတ်သည်လည်း ဦးတည်ရာမဲ့ လွင့်မျောနေလျက်။ နောက်အပတ်ဆို ရန်ကုန်သို့ ပြန်ရတော့မည်။ တစ်ပတ်ဟူသော အချိန်ကာလအတွင်း နှောင်ကြိုးတစ်ခုကို ချည်နှောင်ရန် မလုံလောက်မှန်း သိပေမဲ့ သူ ရူးမိုက်ချင်မိ၏။ ကချင်ပြည်နယ်၏ ရာသီဥတုသည် ချမ်းအေးလွန်းပေမဲ့ မိုင်စိုင်း၏ ရင်တွင်း၌တော့ ရန်ကုန်နွေလို ပူလောင်လွန်းနေသည်။

"ကိုမိုင်စိုင်း အိပ်မပျော်ဘူးလား"

ကျော်နေသာ၏ အသံသည် အနောက်ဘက်မှနေ
ခပ်တိုးတိုး ထွက်လာ၏။ ဖယောင်းတိုင်မှ မီးစာ မှိန်ပြပြသည် လေယူရာအတိုင်း ယိမ်းယိုင်နေ၏။

"ဒီနေ့မှ မျက်စိကြောင်နေတာ။ ဘယ်လိုမှ အိပ်လို့မရဘူး။ မင်းရော"

"ကျွန်တော်လည်း အိပ်မပျော်တာနဲ့ အတူတူတော့ ကိုမိုင်စိုင်းကိုလည်း မေးစရာရှိလို့ အနောက်ကို လာခဲ့လိုက်တာ"

ကျော်နေသာသည် ဖယောင်းတိုင်းခွက်ကို ကိုင်လျက် ဘေးနားသို့ လာထိုင်၏။

"ကိုမိုင်စိုင်း စိတ်မရှိဘူးဆိုရင် ကျွန်တော် တစ်ခုလောက် မေးချင်တယ်"

"သည်လောက် စကားခံနေပုံ ထောက်ရင်တော့ ဖြေရမှာ အတော် ခက်လောက်မဲ့ မေးခွန်းပဲ"

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now