Page 17

20.5K 2.8K 89
                                    

"ကိုယ့်ခါးကို သေချာကိုင်ထား။ ဒါဆို ထွက်ပြီနော်"

ခေါင်လွမ်း၏ လက်လေးကို ခါးပေါ်သို့ တင်ပေးလိုက်တော့ ထိုကောင်လေးသည် မိုင်စိုင်း ထားပေးသည့် အတိုင်းလေး အကျႌသို့ လာရောက် ဆုပ်ကိုင်၏။ စက်ဘီးစီးမလို့ လိုက်ခဲ့မလား ဟူသော ကမ်းလှမ်းချက်ကို ဂွမ်းလုံးလေးသည် ချက်ချင်းပင် ခေါင်းညိတ်၍ လက်ခံပါသည်။ ကိုယ့်အပေါ်၌ အရင်ကလောက် မစိမ်းတော့ဘူးဟူသော အသိက ရင်ထဲထိအောင် ပျော်ရွှင်သွားစေသည်။

"အရင်ကရော စက်ဘီစီးဖူးလား ကောင်လေး"

"မစီးဖူးဘူး"

လေသံ မတိုးမကျယ်လေးသည် မိုင်စိုင်း၏ နားစည်အတွင်းသို့ ညင်ညင်သာသာလေး ဝင်ရောက်လာ၏။ တောလမ်းဖြစ်သည့် အတွက် လမ်းသည် မညီညာ။ ထို့ကြောင့် စက်ဘီးကို ဖြည်းဖြည်းလေးသာ နင်းနေရသည်။ စက်ဘီးတစ်ချက် ယိုင်သွားတိုင်း လက်သွယ်သွယ်လေးများသည် မိုင်စိုင်း၏ ခါးကို တင်းတင်းကျပ်ကျပ် လာရောက် ဖက်တွယ်၏။

"ကြောက်လို့လား လွမ်းငယ်"

"မကြောက်ဘူး"

မကြောက်ဘူးဟူ၍သာ ပြောသော်လည်း ကောင်လေး၏
အသံသည် သိသိသာသာ တုန်ရီနေသည်။ ထို့ကြောင့် သည်အကြောတင်းလေးကို မိုင်စိုင်း စနောက်ချင်မိသွား၏။

"မကြောက်ဘူးဆို ကိုယ် စက်ဘီးအရှိန်ကို ထပ်တင်လိုက်မယ်"

ထိုစကားကြောင့် ခါးထက်ရှိ လက်လေးများမှာ ပို၍ပင် တင်းကျပ်သွားတော့၏။

"ထပ်တင်လိုက်ရမလား။ ကိုယ့်ကို စကားပြန်မပြောရင်
အရှိန်တကယ် တင်လိုက်မှာနော်"

"မတင်နဲ့"

" သေချာ မကြားရဘူး။ ကျယ်ကျယ်လေးပြော"

"မြန်မြန်မနင်းပါနဲ့။ ကို...ကို"

ကိုကိုဟူသော ခေါ်သံလေးကြောင့် မိုင်စိုင်းမှာ ထပ်မံ၍ ပြုံးမိပြန်သည်။ လေအေးတွေ တိုက်ခတ်နေသော်လည်း
အနွေးဓာတ်လေးကတော့ မိုင်စိုင်း၏ ကျောပြင်၌ တည်ရှိနေ၏။ ကိုကိုဟူသော ခေါ်သံ တိုးတိုးလေးကို
ကြားရတိုင်း သူ၏ ရင်ဘတ်ထဲမှ နှလုံးသားသည်
အမြဲ ခုန်ပေါက်လာရသည်။ မိုင်စိုင်း၏ အဖြစ်က ပန်နန်းဒင်ကို စာရေးဖို့ လာသည်နှင့် မတူ။ ဖူးစာရှင် လာရှာသလိုပင် ဖြစ်နေ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now