Page 33

20K 2.7K 123
                                    

အိမ်ထဲမှ ရုတ်တရက် ထွက်လာသည့် ဝုန်းဒိုင်းကြဲ အသံများကြောင့် ဟင်းချိုအိုးကို မွှေနေသည့် မိုင်စိုင်း၏ လက်သည် ရပ်မိလျက်သား။ ထို့ကြောင့် ဆူခါနီးပြီ ဖြစ်သော ဟင်းချိုအိုးကို မီးပိတ်ကာ အသံလာရာသို့ စူးစမ်းရန် သွားရတော့သည်။ ဟော တွေ့ပါပြီ။ ရေချိုးခန်းထဲ ဆောင့်ကြောင့်လေး ထိုင်ကာ အဝတ်တွေကို ကြမ်းပြင်ပေါ်သို့ အားပါတရ ထု၍ လျှော်နေသည့် ကောင်လေး။

တစ်ကိုယ်လုံး ရေတွေ စိုရွဲှဲနေသော လွမ်းငယ်သည် သူကိုယ်သူတော့ သတိထားမိဟန် မတူ။ အဝတ်တွေကိုသာ သဲကြီးမဲကြီး လျှော်နေ၏။

"သည်းငယ် အအေးပတ်တော့မှာပဲ။ ထားလိုက်တော့ ကိုယ်ပဲ လျှော်လိုက်မယ်"

ကြာလျှင် အအေးပတ်တော့မည် ဆိုး၍ ထိုကောင်လေးကို မိုင်စိုင်း တားရန် ပြင်ရတော့သည်။

"ရတယ်"

မိုင်စိုင်း၏ အဆိုကို ပယ်ချလိုက်သော ကောင်လေးမှာ ဝုန်းဒိုင်းကြဲ အသံတွေကို ထပ်မံ၍ ဖန်တီးတော့၏။
သည်အတိုင်းသာဆိုလျှင် ဤတိုက်မှ လူတွေ တိုင်သည်နှင့် သူတို့နှစ်ဦးသား ရပ်ကွက်ရုံးသို့ ရောက်မည့်ကိန်း ဆိုက်မည်။

"အဲသည်လောက်ကြီး ထုလျှော်စရာ မလိုဘူး သည်းငယ်ရဲ့။ သည်မှာ ကိုယ်လျှော်ပြမယ်"

ရေချိုးခန်း ကျဉ်းကျဉ်းလေးထဲ မိုင်စိုင်းပါ ဝင်လိုက်သည့် အတွက် နေရာသည် ပြည့်သွားတော့၏။

"သည်ဆပ်ပြာမှုန့်ကို ပုံထဲထည့်။ အမြုတ်လေးတွေ
ထွက်လာအောင် လက်နဲ့မွှေ။ သည်မှာ ကြည့်ပါအုံး"

တဖြည်းဖြည်း အမြုတ်လေးတွေနှင့် ပြည့်လာသည့် ပုံးလေးကို လွမ်းငယ်သည် တအံ့တဩ ကြည့်နေသည်။ ထို့နောက် ပုံလေးထဲသို့ လက်ချောင်းလေးတွေ ထည့်ကာ မွှေတော့၏။

"အဲလို အမြုတ်တွေ ထွက်လာပြီဆို အကျႌတွေ၊ ပုဆိုးတွေကို ထည့်လို့ရပြီ။ ပြီးရင် ဟောသည်လိုလေး ပွတ်လျှော် ဟုတ်ပြီလား"

ထိုအခါမှ မိုင်စိုင်းထံ အူတူတူလေး ကြည့်ကာ ခေါင်းညိတ်ပြသည်။

"စောနကလို အားသုံးပြီး လျှော်စရာ မလိုဘူး။
အဲလိုလျှော်ရင် ကိုယ်တို့ နှစ်ယောက် ရပ်ကွက်ရုံးကို ရောက်လိမ့်မယ် သိလား"

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now