Page 3

36.2K 3.9K 109
                                    

ပန်နန်းဒင် ဆီသို့

"တောပန်းကလေးများနဲ့
လှချင်တိုင်း လှနေပါတယ်...
လမ်းလေး ကွေ့ကောက်ရာ ...
ဘေးနှစ်ဖက်မှာ...
အဆင်းအတက် ခရီးဆက်လို့...
ဖြတ်ကျော် မြင်ကွင်းရှေ့မှာ....
တောင်ပြာတန်းတွေ ဆီးလို့ကာ..."

ကားအတွင်း၌ တေးသံရှင် ဘိုဖြူ၏ လင်းခေးအဝင် သီချင်းသံသည် သာသာယာယာ။

နေထွက်ပြူစ အချိန်တည်းက ခရီးနှင်လာခဲ့ကြသည်က ယခုဆို
ပတ်ဝန်းကျင် မြင်ကွင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရချေပြီ။

နောင်မွန်မြို့သို့ အလာတုန်းက တစ်စီးလုံး လူအပြည့်ပါခဲ့သည့် ကားလေးသည် ယခု နောင်မွန်မြို့မှ ပြန်အထွက်တွင်တော့ လူထက်ဝက်လောက်သာ ကျန်ရှိတော့၏။

လွန်ခဲ့သည့် ၃နှစ်လောက်အထိ ကားလမ်း မပေါက်သေးသော ပန်နန်းဒင်မြို့လေးသည် အရင်တုန်းကဖြင့် ပူတာအိုမှ ဆယ်ရက်ခန့်မျှ ကြာသည်အထိ ခြေလျင်ခရီးဖြင့်သာ
သွားယူရသည့် ခရီးကြမ်းဒေသ။ ယခုတော့ ခရီးလမ်းသည် ကြမ်းပေမဲ့ ကားဖြင့် သွား၍ရလို့ တော်ပါသေးသည်။

လမ်းတစ်လျှောက်၌ ရှိသည့် တောင်ကျ ရေတံခွန်များ၊ လွင်ပြင်ကျယ်များ နှင့် စည်းရိုးဖြင့် ကာရံထားသည့်
ရွာငယ်များကို အခါခါ ဖြတ်သန်းရင်း ပန်နန်းဒင်ဆီသို့ ဦးတည်လာသော ခရီးမှာ နီးသည်ထက် ပို၍ နီးလာနေပြီ ဖြစ်၏။

ကားနောက်ဆုံးတန်း၌ မိုင်စိုင်းတို့ သုံးဦး လိုက်ပါလာကြပြီး ကျော်နေသာကပဲ စကားကို ဦးဆောင်၍ ပြောလာသည်။ သူတို့ နှစ်ဦး၏ စကားဝိုင်းထဲသို့ ခေါင်လွမ်းသည် တစ်ခါလေးမျှတောင် ဝင်မပြော။ ခရီးစဉ် အစတည်းက ပြတင်းပေါက်ဘက်သို့သာ
ခေါင်းကို လှည့်ထားပါသည်။

အကျႌအမည်း လက်ရှည်ကို လက်ထိပ်တွေ လုံသည်အထိ ဆွဲချထားသော ကောင်လေးသည် အပြင်ဘက်၌ ရှိသော ရှုခင်းတွေသို့သာ အာရုံရှိပုံရ၏။

ကားအတွင်း၌ တေးသံရှင် ဘိုဖြူနှင့် စိုင်းထီးဆိုင်တို့၏ သီချင်းများသည်လည်း အလှည့်ကျ တစ်ပုဒ်ပြီး တစ်ပုဒ် ပြောင်းလျက်ရှိသည်။ ထို့အတူ နေမင်းကြီးသည်လည်း သူ့ထံသို့ စိုက်၍ မကြည့်ရဲလောက်အောင် အထိ တဖြည်းဖြည်း စူးရှ၍ လာပါသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now