"သည်းငယ် ရေမြန်မြန် သွားချိုးတော့နော်"
သူ၏ စကားကို ခေါင်းလေး ညိတ်ကာ ကျောခိုင်းသွားသော ကောင်လေးထံ မိုင်စိုင်း စိုက်ကြည့်နေမိသည်။ စိတ်ထဲ၌ မေးချင်သည့် မေးခွန်းတွေ
အများကြီး ရှိပေမဲ့ တကယ်တမ်း ဘယ်က စတင်၍ မေးရမည်မှန်း မသိ။ လူကြောက်တတ်လွန်းသည့်
ကောင်လေးမှာ ယခုလို အိမ်ကနေတောင် ထွက်သွားခဲ့သည် အထိဆိုတော့ မိုင်စိုင်း မည်သို့သော အမှားတွေများ လုပ်ခဲ့မိသည်လဲ။ အိပ်ခန်းထဲ၌ ထိုင်ချဖို့တောင် သတိလက်လွတ် ဖြစ်နေသော မိုင်စိုင်းသည် ခြေထောက်မှာ ကိုက်ခဲလာမှုကြောင့်သာ သတိပြန်ဝင်လာ၏။ မည်သို့ပင် သက်သာသွားသည်
ဆိုသော်လည်း ယနေ့ တစ်နေ့လုံး မိုင်စိုင်း အသိစိတ် ပျောက်ကွယ်လုနီပါး အထိ လမ်းလျှောက်ခဲ့ရသည်
မလား။ စိတ်၏ စေခိုင်းရာကို ခန္ဓာကိုယ်သည် မလိုက်နိုင်ကြောင်း ယခုတော့ သက်သေပြလာခဲ့ပြီ။တစ်ကိုယ်လုံး ညောင်းညာနေသောကြောင့် ခန္ဓာကိုယ်ကို လျှောချ၍ ထိုင်ကာ ခေါင်းကို အနောက်သို့ မှီချလိုက်သည်။ ခန္ဓာကိုယ်၏ ပင်ပန်းမှုထက် စိတ်၏
ပင်ပန်းမှုသည် မိုင်စိုင်းကို ပို၍ နွမ်းနယ်စေသည်။
လွမ်းငယ်သည် မိမိ၏ ရင်ခွင်မှနေ ထွက်သွားချင်ပြီလား ဟူသော အတွေးသည် မိုင်စိုင်းကို နှိပ်စက်နေ၏။
လေညင်းတွေ အဆက်မပြတ် တိုက်ခတ်နေသော်လည်း သူ၏ နှလုံးသားလေးကိုတော့ မအေးချမ်းစေပါ။
အေးစက်နေသော မိုးရာသီနှင့် အတူ မိုင်စိုင်း၏ နှလုံးသားမှာ အနွေးဓာတ်တို့ တဖြည်းဖြည်း ပျောက်ဆုံးကာ နွမ်းလျလာတော့သည်။ခါတိုင်း ရယ်မောသံတို့ဖြင့် နွေးထွေးနေခဲ့သည့် အိမ်ငယ်လေးသည် ယနေ့ည၌တော့ တိတ်ဆိတ်သည်ထက်
ပို၍ တိတ်ဆိတ်နေသည်။ အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကိုကိုသည် သူ့ကို ဆူတော့မည်ဟု ခေါင်လွမ်း ထင်ခဲ့မိသော်လည်း အထင်နှင့် အမြင် လွဲမှားစွာ
သူ့ကို ရေသွားချိုးရန် ပြောသည်မှ အပ စကားထပ် မပြောလာခဲ့။ ယခင်ကဆို ရေချိုးပြီးတိုင်း အနားသို့
လာ၍ ပါးပြင်ထံ အနမ်းဖွဖွတို့ အမြဲ ပေးတတ်သော ကိုကိုသည် ယနေ့၌တော့ ခေါင်လွမ်းထံ အနမ်းတစ်ပွင့်မှ မအပ်နှင်းလာခဲ့။ ကိုကိုနှင့် ဝေးရာသို့ ပြေးဖို့ စတွေးသူသည်
ခေါင်လွမ်းပေမဲ့ တကယ်တမ်း ဝေးရပြန်တော့လည်း ဝမ်းနည်း၊ ပူဆွေးရသူမှာ ခေါင်လွမ်း ကိုယ်တိုင်ပဲ ဖြစ်သည်။
YOU ARE READING
ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]