Page 26

18.4K 2.6K 218
                                    

အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် ခေါင်လွမ်း၏
အိမ်ငယ်လေး၌ ယခုတော့ စူးစမ်းလိုသူများဖြင့် စည်ကားနေသည်။

"လူလေးရဲ့ အဒွိ ဆုံးပြီ"

ရွာ၏ ကျန်မာရေး ဝန်ထမ်းဖြစ်သော လူကြီးသည့် ခေါင်လွမ်းဆီ စိတ်မကောင်းသည့် အကြည့်ဖြင့် ကြည့်ကာ ဆိုလာ၏။

"လိမ်နေတာ"

ခေါင်လွမ်း၏ အသံသည် အေးစက်စက်။ သေသည် ဟူသော စကားလုံးကို ခေါင်လွမ်း သိပ်မုန်းတီးမိသည်။ ထိုအရာသည် သူ့ထံမှ ချစ်ရသော သူတွေကို အမြဲ ခေါ်ဆောင်သွားသည်သာ။ ထိုလူကြီး၏ စကားကို လက်မခံဘဲ ခေါင်လွမ်းခမျာ ခေါင်းကိုသာ အကြိမ်ကြိမ် ခါနေမိ၏။ လိမ်နေတာဟု အထပ်ထပ် အခါခါ ပြောနေသော ခေါင်လွမ်းကို တချို့သော လူများသည်
ကရုဏာသက်သော အကြည့်ဖြင့် ကြည့်ကြသည်။
တချို့သော သူများကတော့ ကြောက်လန့်သော အကြည့်ဖြင့် ကြည့်ကြ၏။ အမေကို သေစေသည့် ဂြိုဟ်ဆိုးလေးမှာ ယခုလည်း အဘွားကို သေစေပြန်ပြီလား ဟူ၍ စိတ်ထဲ၌ တွေးနေကြ၏။ ထို့ကြောင့် ခေါင်လွမ်းဆိုသည့် ကောင်လေးနှင့် ဝေးဝေးနေရမည်ဟု တွေးရင်း အချို့သော လူများကတော့ အိမ်ငယ်ကလေးဆီမှ ပြန်၍ ထွက်သွားကြသည်။

စောနတုန်းကဖြင့် လူစည်ကားနေခဲ့သော အိမ်ငယ်လေး၌ ယခုတော့ လူနှစ်ယောက်၊ သုံးယောက်လောက်သာ ကျန်ရှိတော့၏။ သင်ဖြူး ဖျာချပ်လေးပေါ်၌ လှဲနေသည့် အဒွိကို ခေါင်လွမ်း ငေးကြည့်နေမိသည်။ ဆုပ်ကိုင်ထားသော လက်လေးတွေသည် အေးစက်နေသည်မှ အပ သူသိပ်ချစ်ရသော အဒွိသည် အိပ်မောကျနေသည့် လူတစ်ယောက်လိုပင်။
မနေ့တုန်းကတောင် သူနှင့် စကားတွေပြောရင်း
ရယ်မောနေခဲ့သည့် အဒွိသည် ယနေ့ကျတော့ ဆုံးသွားပြီတဲ့။

"အဒွိက အိပ်နေတာ။ သူမသေပါဘူး"

တိတ်ဆိတ်နေသော အိမ်ငယ်လေးအတွင်း ခေါင်လွမ်း၏ စကားပြောသံမှအပ အခြားအသံတို့.မရှိ။ ဘေးနား၌ ထိုင်နေသည့် လူများကို ခေါင်လွမ်း လိုက်၍ ပြောပြနေမိသည်။ အိပ်နေသည့် အဒွိကို ဘာကြောင့် သေပြီလို့များ ထင်ကြသည်လဲ။ အဒွိက သူနှင့် စကားတွေ အများကြီး ပြောဦးမှာ။ အတူတူ ရယ်မောဦးမှာ။ ညတိုင်း ရေဒီယိုမှ လာသည့် သီချင်းလေးတွေကို အတူတူ နားထောင်ပြီး သူနှင့် အကြာကြီး နေသွားဦးမှာ။
လဲှနေသည့် အဒွိကို ဆွဲထူ၍ ကျောပေါ်သို့ တင်ကာ ခေါင်လွမ်း ကုန်းပိုးလိုက်သည်။ ပိန်လွန်းလှသည့် အဒွိ၏ ခန္ဓာကိုယ်လေးမှာ ခေါင်လွမ်းတောင် ကောင်းကောင်း
သယ်ပိုးနိုင်ပါ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now