Page 34

20K 2.6K 136
                                    

တနင်္ဂနွေနေ့ မနက်ခင်း၏ နေရောင်ခြည်သည် နွေးနွေးထွေးထွေးလေးသာ။ အားလပ်ရက် ဖြစ်သောကြောင့် မိုင်စိုင်းတို့ ရောက်ရှိနေသော ရှောပင်းမောလ်ကြီး၏ ပတ်ဝန်းကျင်၌ လူများသည်
ယခင်ရက်များထက်ကိုပင် ပို၍ စည်ကားနေ၏။ မိုင်စိုင်း၏ ဘေးနား၌တော့ မြတ်နိုးရသည့် အဖြူရောင် လူသားလေး ရှိသည်။ အပြင်ထွက်ဖို့ ခေါ်တိုင်း အမြဲ ငြင်းဆန်တတ်သော ကောင်လေးသည် ယနေ့တော့ လိုလိုလားလားပင် မိုင်စိုင်း ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါလာ၏။ အပြာရောင် တီရှပ်ကိုမှ ပုဆိုးနှင့် တွဲဝတ်ထားသော အမျိုးသားလေးသည် အပြာရောင် ကောင်းကင်ပြင်၌ ရှိသည့် တိမ်စိုင်ငယ်လေးလို ဖြူဖြူစင်စင်လေး။
ပုဆိုးပဲ ဝတ်ချင်တယ်ဟူသော တိုးတိုးညင်ညင်
စကားလေးအောက်၌ ဂျင်းဘောင်းဘီ ဝတ်ပေးချင်သော မိုင်စိုင်း၏ အတွေးတို့မှာ မှေးမှိန်ခဲ့ပါသည်။

အပေါ်ယံ ခြုံလွှာတွေထက် မူလအရင်ခံ လူသားကိုပဲ မြတ်နိုးမိသည်မို့ သည်လူသားလေး ဘယ်လိုပုံစံမျိုးပင် ဖြစ်နေပါစေ မိုင်စိုင်းကတော့ သေချာပေါက်
ချစ်မြတ်နိုးနေမည်သာ။ ရှောပင်းမောလ်ကြီးရှေ့သို့ ရောက်တော့ ကောင်လေးသည် အဆောက်အဦးထံ
ခေါင်းလေးမော့ကြည့်ကာ စူးစမ်းနေတော့၏။ ထို့နောက် အသံတိုးတိုးလေး ထွက်လာသည်။

"သည်အိမ်ကြီးက အကြီးကြီးပဲ"

လွမ်းငယ်၏ စကားကြောင့် မိုင်စိုင်းတစ်ယောက်
အူလှိုက်သည်းလှိုက် ရယ်မောမိသည်မှာ လမ်းသွား လမ်းလာတွေတောင် ကြည့်သွားရသည်အထိ။
မိုင်စိုင်း၏ အသည်းစိုင်လေးသည် တကယ့် အဖြူထည်လေး။ သည်အမျိုးသားလေးနှင့်
ဘဝ တစ်လျှောက်လုံး ဖြတ်သန်းရမည်ဆိုတော့
မိုင်စိုင်း အသက်အရှည်ကြီး နေရလိမ့်ဦးမည်။
ရယ်သောသူ အသက်ရှည်သည်ဆိုသည့် စကားအတိုင်း လွမ်းငယ်သည် သူ့ကို အမြဲတမ်း ရယ်မော ပျော်ရွှင်စေသည်မလား။

"သည်းငယ် သည်အဆောက်အဦးကြီးက အိမ် မဟုတ်ဘူး။ ရှောပင်းမောလ်လို့ ခေါ်တယ်။ ကိုယ်တို့ ဝယ်ချင်တဲ့ ပစ္စည်တွေ အစုံ သည်မှာ ဝယ်လို့ရတယ်လေ"

"ဒါဆို ကိတ်မုန့်ရောရှိလား"

မိုင်စိုင်းကို မေးခွန်း ပြန်ထုတ်လာသည့် မျက်ဝန်း တောက်တောက်လေးတွေ။ ထိုကောင်လေး၏ အတွေးထဲ၌ ကိတ်မုန့်သည် အချိန်ပြည့် နေရာယူထားဟန်ရှိသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now