အိမ်ပြန်နောက်ကျမယ်လို့ဖုန်းဆက်လာတဲ့ဂျွန်ကြောင့်ထမင်းစားဝိုင်းလေးမှာလူမစုံခဲ့ပါ။အန်တီနဲ့အတူ
ထိုင်ကာမစားရဲတာကြောင့် ဗိုက်မဆာသေးဘူးလို့ လိမ်ပြောလိုက်ပေမယ့် အတင်းခေါ်တဲ့ဖေဖေကြောင့် ထမင်းဝိုင်းကို လိုက်လာခဲ့ပါသည်။ဟင်းပွဲကြီးငယ်နဲ့အမျိုးမယ်စုံတဲ့ဟင်းတို့ကထည်ဝါလှတာကြောင့် ဘယ်ဟင်းခွက်ကို နှိုက်ရမယ်မသိဖြစ်သွားရသည်။မေမေနဲ့အတူထမင်းစားတုန်းကဆို ဦးဦးဖျားဖျားဟင်းကို မေမေ့ပန်းကန်ထဲထည့်ပေးဖြစ်တာကြောင့် ဖေဖေပန်းကန်ထဲကို ကြက်သားဟင်းကို ထည့်ပေးလိုက်တော့ ဖေဖေက အပြုံးလေးတစ်ခုကို ချီးမြှင့်သည်။
ဆီပြန်ချက်ထားတဲ့ငါးဟင်းကိုယူကာ အန်တီရဲ့ပန်းကန်ထဲကို မရဲတရဲထည့်ပေးလိုက်သည်။ခပ်မှန်မှန်နဲ့တည်ငြိမ်နေတဲ့မျက်ဝန်းတို့က ချက်ချင်း စူးရဲလာကာ ကျွန်တော့်ကို စူးစိုက်ကြည့်သောကြောင့် ကျွန်တော့်မှာ နေစရာမရှိလောက်အောင် ကြောက်ရသည်။ဖေဖေ့ကိုလှည့်ကြည့်တော့ ဖေဖေက ဘာမှမသိဘဲ ထမင်းသာငုံ့စားနေသည်။
"မမေးမဆန်းဘဲ မင်းလုပ်ချင်တာတွေလုပ်တတ်တာ မင်းရဲ့အကျင့်လား ကောင်လေး"
"ဗျာ..မဟုတ်.မဟုတ်၊ကျွန်တော်က ဒီအတိုင်း..ဒီအတိုင်း.ရိုသေသမှုနဲ့ အန်တီကို ထည့်ပေးတာပါဗျာ"
"မင်းထည့်ပေးတဲ့ဟင်းကို ငါစားလား မစားဘူးလား၊မင်းသေချာသိလား"
"ဟို..ကျွန်..ကျွန်တော်"
"အေး မသိရင် ဘာမှလုပ်ပေးစရာမလိုဘူး၊ကိုယ့်စည်းနဲ့ကိုယ်နေ၊တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"
ထည့်ပေးထားတဲ့ငါးကို ဇွန်းဖြင့်ကော်ယူကာ အမှိုက်ပုံးထဲသွားထည့်ပစ်လိုက်တော့ ကျွန်တော်မျက်ရည်ဝဲရပြန်တယ်။ကျွန်တော်က ဒီအတိုင်းမေတ္တာလိုချင်လို့ပါ၊ဖေဖေကတော့ စိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲ။ကျွန်တော့်ကိုသာ မျက်တောင်မခတ်ဘဲ ကြည့်ရင်း သက်ပြင်းချနေတာကို မြင်ရသည်။
"သားရဲ့အန်တီက ငါးမစားဘူးသားရဲ့၊သူကအရိုးကြောက်လို့မစားတာ၊အရင်ကအရိုးစူးလို့ ခွဲထုတ်ရတဲ့အထိကိုဖြစ်သွားလို့ ငါးကိုသူက တော်တော်ကြောက်နေတာ"
ESTÁS LEYENDO
ကျွန်တော့်နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ရှိတယ်(completed)
Romanceမြတ်နိုးရသော ပန်းလေးတစ်ပွင့်အကြောင်း