အခန်း (၄၀) အိမ်မက်တွေ ပေးခဲ့သူ

960 84 11
                                    

UNICODE

နောက် နှစ်ငါးနှစ် ကြာသော်...

ချောင်းသာ ကမ်းခြေ၏ နေဝင်ချိန်က လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အတိုင်း လှမြဲလှနေဆဲဖြစ်သည်။

သို့သော် လွန်ခဲ့တဲ့ ငါးနှစ်က ဒီသောင်ပြင်ပေါ်မှာ ရပ်ကာ နေဝင်ချိန်ကို အတူ ကြည့်ခဲ့ကြသည့် ချစ်သူနှစ်ဦးကတော့ ဒီအချိန်မှာ ဒီနေရာကို ပြန်ရောက်မလာနိုင်ခဲ့ပေ။

ကတိတစ်ခုကို မတည်နိုင်ခဲ့ပြီ။

နေဝန်းနီနီဟာ ပင်လယ်ပြင်ထဲ အပြည့်အဝ ငုပ်လျှိုး ခြေရာဖျောက်သွားတော့သည်။ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးမှာ နီကျင့်ကျင့် အရောင်များ လွှမ်းခြုံလျှက် အမှောင်ထုက ချဉ်းနင်း ဝင်ရောက် လာခဲ့ပါတော့သည်။

စောင့်ကြည့်နေသူ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ညနေဆည်းဆာမှာ နေဝင်မြဲ ဖြစ်သည်။

ထို့အတူ စောင့်မျှော်နေသူ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ နောက်တစ်နေ့ နံနက်မှာ အာရုံမိုးသောက်က ရောက်ရှိလာမြဲ ဖြစ်လေသည်။

"တွတ်တွတ်... ထတော့ မြန်မြန်၊ မီတင်ရှိလို့ စောစော သွားရပါမယ် ဆိုနေ"

အိပ်ရာထဲမှာ စောင်ကို ခေါင်းမူးခြုံလျှက် ပုစွန်ထုပ်ကွေးကွေးနေသော တွတ်တွတ်ကို မွှန်းစက်က စိတ်မရှည်စွာ ခပ်ကြမ်းကြမ်း လှုပ်နှိုးလိုက်သည်။

"နေပါဦး... တစ်အောင့်လေးပဲ"

တွတ်တွတ်က စောင်ထဲကနေ ပလုံးပထွေး ပြန်ဖြေသည်။

"တစ်အောင့်လေး တစ်အောင့်လေးနဲ့ ခုနစ်နာရီ ထိုးနေပြီ၊ မရတော့ဘူး၊ အခုထ"

မွှန်းစက်က ပြောရင်း စောင်ကို အတင်းဆွဲခွာပြီး တွတ်တွတ်ကို လက်မောင်းရင်းကနေ ဆွဲထူဖို့ကြိုးစားသည်။ တွတ်တွတ်က မွှန်းစက်လက်ကို ကိုင်ကာ ပြန်ဆောင့်ဆွဲလိုက်တော့ မွှန်းစက်မှာ အိပ်ရာပေါ်ကို ပြုတ်ကျသွားတော့သည်။

တွတ်တွတ်က မွှန်းစက်ကို သိမ်းကျုံးဖက်ထားလျှက် ဆက်အိပ်ဖို့ ကြိုးစား၏။ အထာသိနေပြီ ဖြစ်တဲ့ မွှန်းစက်က သူ့လက်တစ်ဘက်ကို တွတ်တွတ်ရဲ့ လက်တွေထဲမှ ကျင်လည်စွာ လျှိုထွက်ပြီး တွတ်တွတ်ရဲ့ ဗိုက်သားမာမာကို အားဖြင့် ဆွဲလိမ်လိုက်သည်။

Tattoo (Tomboy Version)Nơi câu chuyện tồn tại. Hãy khám phá bây giờ