အခန်း (၃၅) နှုတ်ဆက်ခြင်း

830 97 5
                                    

UNICODE

လှေကားပေါ်မှ ဆင်းလာသည့် ခြေသံတွေကြောင့် အန်တီနုနဲ့ မွှန်းစက် အလိုလို လူစုခွဲလိုက်မိသည်။ ဆင်းလာသည့် တွတ်တွတ်က သူတို့ရှိရာ မီးဖိုချောင်ကို ခေါင်းပြူကြည့်ကာ မေးလာသည်။

"ဘူးသီးကြော် ပါရဲ့လား မာမီ "

"သားက ဘူးသီးကြော်ပါမှ စားတာမို့လို့ မာမီ ခုပဲ ကြော်နေတာပါ၊ စားပွဲမှာ ထိုင်နေလေ၊ မာမီ ထည့်ခဲ့မယ်"

"အဲ့ဒါဆို အိမ်ရှေ့ကို (ဧည့်ခန်းကို) ယူလာခဲ့ မာမီ၊ သား အိမ်ရှေ့မှာ စားမယ်"

သူတို့၏ ခေါင်းရင်းအိမ်မှ အန်တီသောင်း ပို့ပေးလိုက်သည့် မုန့်ဟင်းခါးက သုံးပွဲစာ ကွက်တိဖြစ်သည်။ အန်တီသောင်းဆိုသည့် အမျိုးသမီးကြီးကို မွှန်းစက် မမြင်ဖူးသလို သူချက်သည့် မုန့်ဟင်းခါးကို မွှန်းစက် မစားဖူးသော်လည်း ထိုမုန့်ဟင်းခါး ဘယ်လောက်ကောင်းကြောင်းကို တွတ်တွတ်တို့ သားအမိသားအဖ သုံးယောက်လုံးဆီမှ ကြားဖူးနေကျ ဖြစ်သည်။

ထိုသို့ မဟုတ်လျှင်တောင် ငါးသလောက်ဥများ ချေထားပြီးချက်ထားသည့် ငါးခူမုန့်ဟင်းခါး၏ အရောင်အဆင်းကို မြင်ရရုံဖြင့်ပင် မည်မျှ အရသာရှိလိမ့်မည်ကို မှန်းဆ သိနိုင်ပါသည်။ အနံ့လေးကလည်း စားချင်စဖွယ် မွှေးလှသည်။

အန်တီနုက လတ်လတ်ဆတ်ဆတ် ကြော်ထားသည့် ဘူးသီးကြော်တစ်ခုကို ဟင်းရည်စမ်းထားသည့် မုန့်ဟင်းခါးပန်းကန် သုံးခုအနက်မှ တစ်ခုထဲကို ညှပ်ထည့်လိုက်ပြီး ထိုပန်းကန်ကို မွှန်းစက်အား ကမ်းပေးသည်။

"ရော့ ဒါ မွှန်းမွှန်း အတွက်"

ထို့နောက် အန်တီနုက ကျန်သည့် ပန်းကန်များထဲ ဘူးသီးကြော်များ ညှပ်ထည့်နေချိန်မှာ မွှန်းစက်က သူ့ပန်းကန်ကို လက်နှစ်ဘက်နှင့် ကိုင်ကာ အန်တီနုကို ရပ်စောင့်နေသည်။ ထိုအချိန်မှာ ကံဆိုးစွာ မျက်နှာကျတ်မှ ပြုတ်ကျလာသည့် အိမ်မြှောင်တစ်ကောင်က သူ့လက်ထဲက မုန့်ဟင်းခါးပန်းကန်ထဲ တန်းဝင်လာတော့၏။ မွှန်းစက်သည် အိမ်မြှောင် မကြောက်တတ်သည့်တိုင် ဘူးသီးကြော်နှင့် မုန့်ဟင်းခါးဖတ်များထဲ လုံးထွေးကာ ယက်ကန်ယက်ကန် ကူးခတ်နေသည့် အိမ်မြှောင်ကို ကြည့်ပြီး အသဲယား လွန်းလှသည်။

Tattoo (Tomboy Version)Onde histórias criam vida. Descubra agora