အခန်း (၁၉) အပြစ်

1K 118 4
                                    

UNICODE

"မွှန်း ဘာလို့ နောက်ကျနေတာလဲ"

နိုင်ငံတော်သီချင်း ဆိုကာနီးမှ အတန်းထဲရောက်လာသော မွှန်းစက်ကို မြတ်ထက်မေးသည်။

"ဆံပင်စီးနေလို့"

သူ လွှတ်ခနဲ ပြောလိုက်မိသည်။ အမှန်လည်း တကယ်ပဲ ဆံပင်စီးနေရာမှ နောက်ကျနေခြင်းပါပဲ။ လည်ပင်းက ဒဏ်ရာကို ဖုံးဖို့ ဆံပင်ပုံစံ အမျိုးမျိုး လုပ်ကြည့်နေခဲ့သည်ပဲ မဟုတ်လား။

"အဲ့လိုလေး ဆံပင်ကို တစ်ခြမ်းစောင်း စီးထားတာ နင်နဲ့လိုက်တယ်"

မြတ်ထက်ကတော့ အမြင်ဆန်းနေသော ဆံပင်ပုစံနှင့် မွှန်းစက်ကို သဘောကျနေဟန်ရှိသည်။

သူ မြတ်ထက်ကို ပြုံးပြလိုက်သည်။

ကံဆိုးချင်တော့ အိမ်စာပေးလိုက်သည့် မြန်မာစာဆရာမ၏ အချိန်က ပထမဆုံးအချိန် ဖြစ်နေသည်။ အတန်းထဲဝင်လာသော ဆရာမ မျက်နှာကိုမြင်မှ ညက တွတ်တွတ်ကြောင့် အိမ်စာမလုပ်ဖြစ်လိုက်သည်ကို သတိရသည်။

"မွှန်း စာစီစာကုံးအိမ်စာ မရေးလာဘူးလား"

"ဒုက္ခပဲ မြတ်ထက်၊ ငါမေ့သွားတယ်၊ ဟူး… ငါတော့ သေတော့မှာပဲ"

ဆရာမက အသင်းခေါင်းဆောင်တွေကို စာအုပ် လိုက်သိမ်းခိုင်းသည်။ သူတို့ အသင်းခေါင်းဆောင် ထိုက်ထိုက် သူတို့ဆီရောက်လာသည်။

"ထိုက်ထိုက် ခဏလေး"

မြတ်ထက် သူ့စာအုပ်အဖုံးက နာမည်ကို correction pan ဖြင့်ဖျက်ပြီး 'မွှန်းစက်မေ' ဟု ရေးလိုက်သည်။

"မြတ်ထက် ဘာလုပ်တာလဲ"

မွှန်းစက်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး မြတ်ထက် သူ့စာအုပ်ကို ထိုက်ထိုက်ကို ပေးလိုက်သည်။ အစအဆုံး မြင်လိုက်သော ထိုက်ထိုက်ကလည်း ဘာမှမပြောဘဲ ယူသွားသည်။

အတန်းခေါင်းဆောင်ကို black board မှာ စာထွက်ရေးခိုင်းပြီး သူတို့စာလိုက်ကူးနေစဉ် ဆရာမက အိမ်စာတွေကို အမှတ်ခြစ်သည်။

"ဟဲ့ မွှန်းစက်မေက မိန်းမလိုနေပြီး ယောက်ျားစိတ် ပေါက်နေတာလား 'ကျွန်ုပ်အားကျမိသော Celebrity တစ်ဦး' ကိုရေးထားတာ 'ဘောလုံးသမား Christiano Ronaldo တဲ့တော့၊ ဘာတဲ့… သူ့ရဲ့အားကစားစွမ်းရည်အပြင် သူ့ရဲ့ သန်စွမ်းသော ခန္ဓာကိုယ်ကိုပါ အားကျတယ်ဆိုပါလား… အမယ်လေး သူ့လို ခန္ဓာကိုယ်ကြီးနဲ့တော့ စင်ပေါ်မှာ ဗန်းမကိုင်ပါနဲ့ဟယ်"

Tattoo (Tomboy Version)Waar verhalen tot leven komen. Ontdek het nu