အခန်း (၂၅) သနားမိပါတယ်

895 115 6
                                    

UNICODE

ကျောင်းက ပြန်လာတည်းက မြတ်ထက် မျက်နှာမကောင်းပါ။

မေးကြည့်တော့ ‘ကျွန်တော် မွှန်းစက်ကို ဖြတ်လိုက်ပြီ’ တဲ့...

‘မမ မဖြတ်ခိုင်းပါဘူး၊ အပျော်ထားချင်ထားပါလို့ ပြောထားတာပဲ’ လို့ ပြောတော့ သူက
‘ကျွန်တော် ဖြတ်ချင်လို့ပါ’ လို့ ပြောလာတဲ့အတွက် ကျွန်မ နားလည်လိုက်ပါတယ်... သူ့အတွက် မွှန်းစက်က ‘အပျော်’ မဟုတ်ခဲ့ဘူး ဆိုတာကို...။

အချိန်က မနက် လေးနာရီ ရှိနေပြီ။ ခုထိ ကျွန်မ တစ်ရေးမှ မအိပ်ရသေးပါ။

အသံမထွက်အောင် ကျိတ်ငိုရင်း သိပ်မကြာခင်ကမှ အိပ်ပျော်သွားတဲ့ မြတ်ထက်ကိုကြည့်နေရင်း ကျွန်မ အိပ်မပျော်ခဲ့ခြင်းသာ။ နာကျင်နေတဲ့ သူ့ကို သနားမိသလို ကိုယ့်ကိုယ်ကိုလည်း သနားမိသည်။

ဆယ့်လေးနှစ်အရွယ် ချာတိတ်လေးတစ်ယောက်ရဲ့ အချစ်ကို ယုံစားပြီး တစ်ဘဝတာအတွက် ဆုံးဖြတ်ခဲ့မိတာ ကျွန်မ မှားသွားခဲ့ပြီလား...

‘စိတ်လှုပ်ရှားခြင်း နဲ့ ရင်ခုန်ခြင်း’၊ ‘ပျော်ရွှင်မှု နဲ့ ကြည်နူးမှု’၊ ‘တွယ်တာစိတ် နဲ့ တပ်မက်စိတ်’ ဆိုတာတွေကို သဲသဲကွဲကွဲ မသိသေးတဲ့ ဒီကောင်လေးကိုမှ နှစ်သက်စွဲလန်းမိတဲ့ အချစ်စိတ်တစ်ခုကြောင့် သူ တောင်းဆိုတာကိုရော မတောင်းဆိုတာတွေကိုပါ လိုလိုလားလားနဲ့ ကျွန်မ ပေးဆပ်ခဲ့မိသည် ချည်းသာ။

အချစ်ကို ခံစားတတ်တဲ့ အရွယ်ရောက်လာမှ သူ့မှာ ချစ်ရတဲ့သူ ရှိလာပါပြီဆိုတော့ အခုမှ ကျွန်မက ဘာလုပ်ရပါ့မလဲ...

အတ္တကြီးတယ်လို့ပဲဆိုဆို ဒီအချိန်မှတော့ သူ့ကို ကျွန်မ လက်လွှတ်မပေးနိုင်တော့ပါ။ ကျွန်မရဲ့ ဘဝမှာ သူရှိနေဖို့ လိုအပ်သလို သူ့ရဲ့ဘဝမှာလည်း ကျွန်မရှိနေဖို့ လိုအပ်နေပြီပဲ။ ဒါကို သူလည်း သေချာ သိနေမှာပါ။ သိနေလို့သာ အခုလို ကျွန်မဘေးမှာ အိပ်မောကျနေတဲ့ သူ့ကို ကျွန်မ မြင်နေရတာ မဟုတ်လား...။

ဒါပေမယ့်လည်း...

သူ့ရင်ဘတ်ပေါ်မှာ ရှိနေတဲ့နာမည်က ကျွန်မနာမည် ဖြစ်ပေမယ့် သူ့ရင်ထဲမှာ ရှိနေတဲ့သူကတော့ ကျွန်မ မဟုတ်ဘူးဆိုတဲ့ အသိနဲ့...

Tattoo (Tomboy Version)Nơi câu chuyện tồn tại. Hãy khám phá bây giờ