{ UNICODE }
🎶 Song of the Day : Shine On You by Wheein 🤍
【 ကြယ်လေးတွေလိုပဲ
ဝေးနေမှန်းသိပေမယ့်
ထင်ထားတာထက်
အများကြီး ပိုဝေးနေတာမျိုး... 】(❗Reminder : အချိန်ကာလအားဖြင့် ၂၀၁၉ ခုနှစ်ပဲ ရှိပါသေးတယ်နော်❗)
နေ့တိုင်းနေ့တိုင်း ဒီဆေးခန်းလေးထဲမှာပဲ အချိန်တွေကုန်ဆုံးရတာ သိပ်ပျင်းဖို့ကောင်းလှပါသည်။ ကိုယ်ဘယ်လောက်ဝါသနာပါသော အလုပ်ဖြစ်နေပါစေ ကိုယ်ချစ်ရသည့်အကောင်လေးတွေနှင့် အချိန်တိုင်းတွေ့နေရပါစေ အမြဲတမ်း တစ်ပုံစံတည်း လှုပ်ရှားလုပ်ကိုင်နေရတာဆိုတော့ မငြီးငွေ့ဘဲမနေနိုင်တော့ပြီ။
သို့ပေမဲ့ ကျွန်မ ဒီနေ့ပျော်နေသည်။ သူ လာမည်တဲ့လေ။ ယွန်းဆိုသည့် ကျွန်မတစ်ဖက်သတ်သဘောကျနေရသော ကောင်မလေးက သူ့ခွေးလေးကို လာခေါ်ပါမည်တဲ့။ ယွန်းက ကျွန်မထက် အသက်အများကြီးငယ်သော ညီမလေးလိုဖြစ်နေတာက တစ်ကြောင်း၊ သူ မိန်းကလေးတွေကို သဘောကျမကျမသိသေးတာလည်း တစ်ကြောင်း၊ ကျွန်မကို အသိအစ်မတစ်ယောက်ထက် ပိုပြီးရင်းနှီးခင်မင်စွာ မဆက်ဆံဖူးသည်က တစ်ကြောင်းဖြင့် ကျွန်မလည်း တစ်ဖက်သတ်သဘောကျနေရုံကလွဲပြီး မရှိတော့ဘူးလေ။
ကျွန်မဆိုတာက ယွန်းပြောပြောနေသည့် တိရစ္ဆာန်ဆေးကုဆရာဝန် ဘုန်းသစ္စာလွင်ပါ။ အသက်ကဖြင့် ၂၅-၃၀ ဆိုသော်ငြား အတည်တကျတွဲခဲ့ဖူးသူများနှင့်လည်း မမြဲလေတော့ အခုထိကို အပျိုကြီးဖြစ်နေတော့တာပေါ့။ ဒီလိုမတုန်မလှုပ်ကျွန်မကို ရင်ခုန်အောင် တစ်ဖန်ပြန်ဖန်တီးပေးခဲ့သူကတော့ စိုးရိမ်တကြီးနှင့် ခွေးဖြူလေးကို ပွေ့ပိုက်ကာ ကျွန်မရှေ့တည့်တည့်သို့ ရောက်ချလာသော ယွန်းနေခြည်ဇော်ဆိုသည့် ကောင်မလေးပင်။
"မမဘုန်း... Haku လေးရောဟင်...?"
စောင့်မျှော်နေရသူလေးက ရောက်လာတော့လည်း ဒီလူကို ကျော်ပြီး သူ့ခွေးလေးကိုသာ အရင်မေးတော့သည်။ အဖြူခံပေါ်တွင် မီးခိုးရောင်ပန်းပွင့်ကလေးများကို သေသေသပ်သပ် ရိုက်နှိပ်ထားသော မြန်မာဝတ်စုံလေးဖြင့် ချပ်ရပ်လှပနေသည့် ဒီကောင်မလေးမှာ ကျွန်မနှလုံးသားကို ခါရမ်းပစ်နေတာ သူကိုယ်တိုင်တောင် မသိရှာပေ။
YOU ARE READING
Enchantingly Knotted by You [ GL ]