{ UNICODE }
🎶 Song of the Day : CWJBHN by Jake Scott & Josie Dunne 🤍
【 ကတိတစ်ခု
နွေးထွေးတဲ့လက်လေးတစ်ဖက်
ပြီးတော့ ကိုယ်သိပ်ချစ်ရတဲ့မင်းလေး
ဒါလေးတွေနဲ့တင် လုံလောက်ပါပြီ
ပျော်ရွှင်မှုဆိုတဲ့အရာလေးအတွက်... 】နေရောင်ခြည်က မျက်နှာတည့်တည့်ကိုစူးခနဲထိုးနေတာနှင့် နောက်ကျောပေးကာ တစ်ဖက်သို့လှည့်လိုက်သည်။ ယွန်းခါးပေါ်လက်တင်ထားသူ မမမျက်နှာလေးမှာ မျက်လုံးထဲ လှလှပပလေးဝင်လာတော့၏။
အပြစ်အနာအဆာမရှိသည့် ချောမွေ့ဝင်းလက်နေသောမျက်နှာလေးဟာ ကိုင်ရက်စရာပင်မရှိ။ မျက်တောင်ရှည်ရှည်ကြီးတွေမှာလည်း ကော့ညွတ်နေသလို ဖြောင့်စင်းနေသောနှာတံလေးမှာလည်း အူယားစရာလေး။ နှုတ်ခမ်းပါးလေးကတော့ ဘာတွေအိမ်မက်မက်နေလည်းမသိ၊ တွန့်ချိုးကာ ပြုံးနေလေရဲ့။
ဖြိုး : သူများအိပ်နေတာကိုကြည့်ရတာ အဲဒီလောက်တောင်ပျော်လား?
ငေးကြည့်နေမိသည့်နှုတ်ခမ်းလေးမှာ လှုပ်ရွလာတော့မှ မော့ကြည့်လိုက်ရာ နက်မှောင်နေသောမျက်ဝန်းများက ယွန်းကို စိုက်ကြည့်နေလေ၏။ လက်ဖြူဖြူလေးဟာလည်း ယွန်းပါးပေါ် နေရာတကျရောက်လာတော့သည်။ ယွန်းမျက်နှာကြီး ဘယ်လောက်တောင် ပြုံးဖြီးနေခဲ့လဲမသိ ရွှတ်နောက်နောက်မျက်နှာထားမှာ မမမျက်နှာတွင် ထင်းခနဲ။
ယွန်း : နိုးလာတာနဲ့ လူကိုစမယ်ဆိုတာချည်းပဲ... နေဖူးတယ်ရှိအောင် တစ်ရက်လောက်လေး ယွန်းကို မစဘဲနေကြည့်ပါလား...
သူ့နှာခေါင်းကို အသာညှစ်လိုက်ရင်း ပြောလေတော့ အသံထွက်ပြီးကို ရယ်နေပါသည်။
ဖြိုး : ယွန်းချစ်ဖို့မကောင်းတဲ့ရက်ရောက်ရင် မစတော့ဘူး... ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်တာနော့်
"အမယ်လေး ပြောလည်းပြောတတ်လိုက်ပါဘိ" ဟုတွေးရင်း အားထည့်ကာ နှာခေါင်းလေးကို ပိုညှစ်လိုက်တော့ တအားအားနှင့် ထအော်တော့သည်။ ရုတ်တရက်ဆိုသလို အော်နေသည်မှာရပ်သွား၍ ယွန်း ကြောင်ကြည့်နေခိုက် နေရာမှထပြီး ယွန်းအပေါ် အုပ်မိုးလာလေ၏။ အံ့ဩချိန်ပင်မရလိုက် ချက်ချင်းပင် အပေါ်မှနေ၍ ယွန်းကို ကလိထိုးပါတော့သည်။
YOU ARE READING
Enchantingly Knotted by You [ GL ]